
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကုန်းသာရွာမှာ ပြီးခဲ့တဲ့ ရှမ်းနှစ်သစ်ကူးပွဲကာလက စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ SSPP ရှမ်းပြည် တပ်မတော် မြောက်ပိုင်းတို့အကြား ပစ်ခတ်မှုဖြစ်ပြီး နေအိမ် ၁၄ လုံးလောက် ပျက်စီးသွားပါတယ်။
နိုဝင်ဘာ ၂၅ ရက်မနက် ဖြစ်တဲ့တိုက်ပွဲကြောင့် ရွာသား ၄၀၀ ကျော် သီပေါမြို့ပေါ်ကို တိမ်းရှောင်လာပြီး တိုက်ပွဲငြိမ်လို့ မနေ့ကရွာကိုပြန်သွားကြရာမှာ နေအိမ်တွေ ပျက်စီးနေတာတွေ့ရတယ်လို့ စစ်ဘေးရှောင်ကူညီပေးသူ သီပေါမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်နန်းမွှမ်းမွှမ်းပေါင်းက ပြောပါတယ်။
“ သူတို့ပြန်သွားတော့ နေအိမ်တွေကျည်ဆန် ထိမှန်ထားတာတွေ့ရတယ်။ ခြံစည်းရိုး၊ အိမ်နံရံ၊ အိမ်ခေါင်မိုးကသွပ်တွေ ပေါက်ကုန်တယ်။ တချို့အိမ်ဆို သွပ်အချပ် ၂၀ ကျော်ပျက်စီးတယ်။ ကုန် စုံဆိုင်ခေါင်မိုးလည်းပေါက်တယ်။ အိမ်ရှေ့က မီတာဘောက်စ်ကိုလည်း ထိတယ်။ မီးကြိုးတွေပြတ် ၊ ရေခဲသေတ္တာရောထိတယ်၊ ရေပိုက်လည်းပြတ်သွားတယ်၊ ဆန်အိတ်တွေလည်းပေါက်၊ ရွာထဲမှာလည်း မပေါက်သေးတဲ့လက်နက်ကြီးကျည်ဖူး တွေ့တယ်။ ”
ကောက်ခံရရှိတဲ့ စာရင်းအရ လက်နက်ကျည်ထိမိတဲ့အိမ်ခြေအနည်းဆုံး ၁၄ လုံးရှိပြီး အိမ်ပြန် လည်ပြုပြင်ဖို့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ရွာသား ၁ ဦးကလည်း “တိုက်ပွဲဖြစ်တဲ့နေ့က ကုန်းသာရွာသားတွေတင်မကဘဲ အနီးနားရှိ ကုန်းပြင်၊ ဟိုနောင်၊ ဝမ်မိုင်စတဲ့ရွာသားတွေပါ ထွက်ပြေးလာကြောင်း၊ သီပေါမြို့ပေါ် အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်နဲ့ မဟာစည်ကျောင်းတိုက်မှာရော ဆွပ်လန်း၊လုံယုမ်း စတဲ့ကျေးရွာဘုန်းကြီးကျောင်းတွေမှာပါ သွားရောက်တိမ်းရှောင်ခဲ့ရတယ်”လို့ ဒီဗွီဘီကို ပြောပါ တယ်။
SSPP စစ်သားတွေဟာ သူတို့ရွာထဲမှာ လာနေနေတာ ၄- ၅ လ လောက်ရှိပြီဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့ကတော့ စကစစစ်သားတွေ ရွာထဲဝင်လာလို့ ရွာထဲမှာဘဲ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ တယ်လို့ ကုန်းသာရွာသားက ပြောသွားပါတယ်။
Photo- SNLD-HsiPaw