Home
မြန်မာသတင်း
ကျောက်တော်တွင် အစာအဆိပ်သင့်သည့် မိသားစုဝင် ၂ ဦး ထပ်မံသေဆုံး
lusane
·
November 28, 2022
316803340_207438858409205_6691795986028573414_n

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၂၈ ရက် ဒီနေ့မနက်ပိုင်းက အစာအဆိပ်သင့်တဲ့ မိသားစုဝင် ၂ ယောက် ထပ်မံသေဆုံးပြီး သေဆုံးသူ ၆ ယောက်အထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ် သက်ထင်ရွာမှာ နိုဝင်ဘာ ၂၆ ရက် ညနေ ၃ နာရီကျော်လောက်က ပြောင်းဖူးနဲ့ မှိုစားမိရာကနေ မိသားစုဝင် ၇ ယောက် အစာအဆိပ်သင့်ပြီး နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာ ၄ ယောက်သေဆုံးခဲ့ပြီး ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သက်ထင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“လူကြီး ၆ ယောက်ကတော့ သေဆုံးသွားပြီး လသားအရွယ် ကလေးတယောက်ပဲ ကျန်မယ်။ အဲဒီကလေးကတော့ ပြောင်းဖူးတော့ မစားနိုင်လောက်ပေမဲ့ မိခင်နို့ရည်ကနေတဆင့် အဆိပ်သင့်မသင့် မသိရလို့ ကျောက်တော် ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်။”

အစာအဆိပ်သင့်ပြီး သေဆုံးခဲ့တဲ့ မိသားစုဝင်တွေကတော့ ဦးသောကြာအောင်နဲ့ ဇနီးဖြစ်သူ ဒေါ်ခိုင်သန်းနု၊ သမီးတွေဖြစ်တဲ့ မစန္ဒာဝင်း၊ မစောသန်း၊ သားဖြစ်သူ မောင်ကျော်ငြိမ်းထွန်းနဲ့ ယောက္ခမတော်စပ်သူ ဒေါ်အောင်မတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို အစာအဆိပ်သင့်ပြီး သမီးဖြစ်သူ လသားအရွယ်ကလေးရဲ့မိခင် မစန္ဒာဝင်းကတော့ ကျောက်တော်ဆေးရုံကို ပို့ဆောင်ရာ လမ်းမှာ အသက်ရှူကြပ်ပြီး ဝဲကြီးထောင့် တိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေစဥ် သေဆုံးခဲ့ကာ ဒေါ်ခိုင်သန်းနု၊ မစောသန်းနဲ့ မောင်ကျော်ငြိမ်းထွန်းတို့ကတော့ ကျောက်တော်ဆေးရုံမှာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သေဆုံးခဲ့ပြီး ဦးသောကြာအောင်နဲ့ ဒေါ်အောင်မတို့ကတော့ ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထပ်မံသေဆုံးခဲ့တာလို့ ဒေသခံက ပြောပါတယ်။

အဲဒီ အစာအဆိပ်သင့်ပြီး သေဆုံးခဲ့သူတွေကို ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ကျောက်တော်သုသာန်မှာ သင်္ဂြိုဟ်သွားမယ်လို့သိရပြီး စစ်ကောင်စီလက်အောက်ခံ ကျောက်တော်မြို့မရဲစခန်းက ရဲတွေနဲ့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကတော့ ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာ အထက်တန်းကျောင်းခွဲမှာလည်း နိုဝင်ဘာ ၂၃ မနက်ပိုင်းက အစာအဆိပ်သင့်သလိုဖြစ်ပြီး မြောင်းဘွေပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024