DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်တွင် ပြည့်တန်ဆာအဖြစ် ရောင်းစားခံရသည့် ထိုင်းအမျိုးသမီး ၃ ဦး ပြန်လွတ်မြောက်
DVB
·
November 28, 2022
လောက်ကိုင်တွင် ပြည့်တန်ဆာအဖြစ် ရောင်းစားခံရသည့် ထိုင်းအမျိုးသမီး ၃ ဦး ပြန်လွတ်မြောက်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့မှာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံခဲ့ရတဲ့ ထိုင်းအမျိုးသမီး ၅ ဦးအနက် ၃ ဦး ပြန်လွတ်လာပြီလို့ Ejan ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ပဝီနာဖောင်ဒေးရှင်း၊ နယ်ခြားစောင့်တပ်၊ TBC ထိုင်း-မြန်မာနယ်ခြားကော်မတီ၊ ထိုင်းကောင်စစ်ဝန်ရုံးနဲ့ မြန်မာစစ်တပ် တာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လွတ်မြောက်လာပြီး မနေ့ နိုဝင်ဘာ ၂၇ ရက် ညက တာချီလိတ်-မယ်ဆိုင် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၂ မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ထိုင်းအမျိုးသမီး ၃ ယောက်ဟာ အသက် ၂၆ နှစ်နဲ့ ၂၈ နှစ်ကြားရှိပြီး ညီအစ်မနှစ်ဦး ပါဝင်ကာ ထိုင်းနိုင်ငံအလယ်ပိုင်း ဗိစနုလုတ်ခရိုင်ကဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက သမီးဖြစ်သူနဲ့  သူ့သူငယ်ချင်းတွေက မြန်မာပြည် ကေတီဗွီရုံမှာ လစာကောင်းကောင်းနဲ့အလုပ်ရမယ်ဆိုလို့ နောက်သူငယ်ချင်းတယောက်က အဖော်စပ်တဲ့အတွက် လိုက်ပါသွားပြီး လောက်ကိုင် ဆိုတဲ့မြို့ကို ရောက်သွားတဲ့အခါ အထင်နဲ့အမြင်မကိုက်ဘဲ မူးယစ်ဆေးဝါး သုံးခိုင်းပြီး အတင်းအကျပ် ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရလို့ အိမ်ကို ဆက်သွယ် အကူအညီတောင်းလာကြောင်း၊ ဒါကြောင့် ဖခင်ဖြစ်သူက အမျိုးသမီးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေး ပဝီနာဖောင်ဒေးရှင်းကို ဆက်သွယ်အကူအညီတောင်းခဲ့တာလို့ ဆိုပါတယ်။

လွတ်မြောက်လာတဲ့ အမျိုးသမီးရဲ့ ပြန်ပြောပြချက်အရ မြန်မာပြည် ကေတီဗွီရုံတခုမှာ အရက်စပ် ငှဲ့ပေးရမယ့်အလုပ်ရှိပြီး မပင်ပန်းဘဲ လစာကောင်းကောင်းရမယ်ဆိုလို့ လိုက်သွားဖို့ သဘောတူခဲ့တာလို့ ဆိုပါတယ်။

သူတို့ဟာ ဗိစနုလုတ်ကနေ ချင်းမိုင်ကို လေယာဉ်စီးပြီး ကား ၁ စီးက လာကြိုကြောင်း၊ အဲဒီနောက် ဟိုတယ်မှာ ၁ ညတည်းကာ ဖန်မြို့နယ် နယ်စပ်ကို ရောက်သွားကြောင်း၊ ဖန်မြို့နယ်ကနေ ခြေကျင်နဲ့ ဒွိုင်အန်ခန်တောင်အတက်အဆင်း ၄ နာရီကြာ လျှောက်ရကာ မြန်မာဘက်ခြမ်းမှာ ဆိုင်ကယ်ထပ်စီးရပြီး ကားဂိတ်တခုကို ရောက်၊ လိုင်းကားနဲ့ လားရှိုးကို သွားပြီး လားရှိုးကနေတဆင့် လောက်ကိုင်မြို့ကို ရောက်သွားတယ်လို့ ဆိုပါတယ်။

လောက်ကိုင် ကေတီဗွီရုံတခု ရောက်တော့ မန်နေဂျာ ဆိုသူက သူတို့ကို ဒီထိခေါ်လာတာ ဘတ်ငွေ ၉၀,၀၀၀ စီကုန်ကျပြီး အကြွေးကျေအောင် အလုပ်လုပ်ပေးဖို့ပြောကြောင်း၊ သူတို့ကို ကော် (မူးယစ်ဆေး) အတင်းရှူခိုင်းကာ ယောကျ်ားဧည့်သည်တွေနဲ့အတူ ရေချိုးခိုင်းပြီး ပြည့်တန်ဆာလုပ်ခိုင်းတယ်လို့ ဆိုပါတယ်။

သူတို့က ကလန်ကဆန်ပြုတော့ နောက်တနေရာကို တဦး ဘတ် ၂၅၀,၀၀၀ နဲ့ ပြန်ရောင်းစားကြောင်း၊ သူတို့လည်း ထွက်ပြေးဖို့ကြိုးစားပြီး တနေ့မှာ အခွင့်ကောင်းကြုံတာနဲ့ ကေတီဗွီကို အလည်လာတဲ့သူတွေနဲ့ ရောပြီး အပြင်ဘက်ထွက်ကာ အငှားဆိုင်ကယ်နဲ့ ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်နဲ့ ၂ ကီလိုမီတာလောက် စီးလာပြီး မြန်မာစစ်တပ်စခန်းတခုကို ရောက်ကြောင်း၊ အဲဒီမှာလည်း မြန်မာစစ်တပ်က အကျဉ်းခန်းထဲ လှောင်ထားပြီး ထမင်းပုံမှန်မစားရ၊ ထမင်းတထုပ်ကို ၃ ယောက် ခွဲစားရကြောင်း၊ အဲဒီထဲက တယောက်က စိတ်ဖိစီးဒဏ်မခံနိုင်လို့  စစ်သားကို သေနတ်နဲ့ပစ်ခိုင်းပြီး အဆုံးစီရင်ဖို့ ကြံစည်ခဲ့သေးတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်စခန်းမှာ နိုဝင်ဘာ ၅ ရက်ကနေ ၂၆ ရက်ထိ ၁ လနီးပါး ဆင်းရဲစွာနေခဲ့ရပြီး အိမ်နဲ့ အဆက်အသွယ်ရကာ ဖခင်ဖြစ်သူက တာဝန်ရှိသူတွေ ကယ်တင်ဖို့ ကြိုးစားနေကြောင်း ပြောလို့ ပြန်ရမယ့်ရက် စောင့်နေတာလို့ ဆိုပါတယ်။

၂၆ ရက်နေ့မှာ သူတို့ဟာ လောက်ကိုင်ကနေ လားရှိုးမြို့၊ ၂၇ ရက်နေ့မှာ လားရှိုးကနေ လေယာဉ်နဲ့ တာချီလိတ်လေဆိပ်ကို အပို့ခံရပြီး ည ၁၀ နာရီကျော်မှ ထိုင်းဘက်ခြမ်း မယ်ဆိုင်ကို ပြန်ရောက်ပါတယ်။

ပဝီနာဖောင်ဒေးရှင်း တာဝန်ရှိသူက သူတို့ ၃ ယောက်ကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ထပ်မံစစ်ဆေးမေးမြန်းဦးမှာ ဖြစ်တဲ့အတွက် အိမ်ကို ချက်ချင်းပြန်လို့မရသေးဘဲ ဘန်ကောက်ကို ပို့ဆောင်ဦးမယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်းမှာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရလို့ တိုင်ကြားထားသူ စုစုပေါင်း ၅ ဦးရှိကြောင်း၊ ကျန်တဲ့ ၂ ဦးမှာလည်း လုံခြုံဘေးကင်းတဲ့နေရာကို ရောက်နေပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အဆင့်ဆင့်ဆောင်ရွက်နေရလို့ နောက်မှ ထပ်ရောက်လာမယ်လို့ ပြောပါတယ်။

မိန်းကလေးတွေ ရောင်းစားခံရတဲ့နေရာဟာ မယ်ဆိုင်တဖက်ကမ်း တာချီလိတ်ရဲ့ မြောက်ဘက် ကီလိုမီတာ ၄၀၀ ကျော်အကွာမှာ တည်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ တည်ရှိကာ အဲဒီမှာ ကေတီဗွီ၊ ကာစီနို လောင်းကစားဝိုင်းတွေ အကြီးအကျယ် ဖွင့်လှစ်ထားပြီး ပိုင်ရှင်အများစုက တရုတ်နိုင်ငံသားတွေဖြစ်ကြပါတယ်။

လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေ ဖြစ်တာကြောင့် မြန်မာစစ်တပ်တွေတောင်မှ ကြိုတင်ခွင့်မတောင်းဘဲ ဝင်သွားလို့မရကြောင်း၊ ဒါကြောင့် မိန်းကလေးတွေကို ကယ်ထုတ်ရေးမှာ အဖွဲ့အစည်းအသီးသီး၊ လမ်းကြောင်းအဆင့်ဆင့်ကနေ ဆောင်ရွက်ရလို့ အချိန်ကြန့်ကြာမှုရှိတယ်လို့ ချင်းရိုင်းခရိုင် အမှတ် ၂ ကွန်မန်ဒိုတပ်ဖွဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီး နာ့ထိထိမ်းဆိုင်က သတင်းထောက်တွေကို ပြောပါတယ်။

ကိုးကား-Ejan

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013