
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်စိုက်ပျိုးရေးဇုန် ၁ မှာ နိုဝင်ဘာ ၂၈ ရက် ဒီနေ့ မနက်ပိုင်းက ကုန်တင် ၁၂ ဘီးယာဥ်တစီးပေါ်ကနေ ရိုဟင်ဂျာ ၆၆ ဦးနဲ့ ယာဥ်မောင်းနှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရခိုင်ဘက်က ဝင်ရောက်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဥ်တစီးကို ညောင်နှစ်ပင် စိုက်ပျိုးရေးဇုန် ၁ အနီးရှိ ယာဥ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ယာဥ်မောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သတင်းရလို့ လူအင်အားနဲ့ဖမ်းတာ၊ ၁၂ ဘီးယာဥ်ထဲထိ လှန်လှောပြီး စစ်တာ၊ မိသွားတယ်၊ ယောကျ်ားလေးတွေ ဖမ်းတယ်။”
ဖမ်းဆီးခံရတဲ့ ယာဥ်မောင်းနှစ်ဦး အပါအဝင် အမျိုးသား ၅၄ ဦးနဲ့ အမျိုးသမီး ၁၄ ဦးတို့ကို စစ်ကောင်စီတပ်က လှည်းကူးမြို့မရဲစခန်းကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ကို ရန်ကုန်ပို့ပေးမယ်ဆိုပြီး ပိုက်ဆံယူပြီး ခေါ်လာမှာပေါ့။ အရင်လကလည်း လှည်းကူးထဲမှာ မိထားတာတွေလည်း ရှိသေးတယ်။”
လတ်တလောမှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတွေကို လှည်းကူးမြို့မရဲစခန်းမှာ စစ်ဆေးနေပြီး လ.ဝ.က ပုဒ်မနဲ့ တရားစွဲသွားမယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း လှည်းကူးမြို့နယ် အမြန်လမ်းနဲ့ တာဆုံမှတ်တိုင် အနီးမှာ ရိုဟင်ဂျာ အယောက် ၂၀ နီးပါး ဖမ်းဆီးခံခဲ့ပါသေးတယ်။