ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၁ ရပ်ကွက်၊ ရွှေလီ ၅ လမ်း၊ ရပ်ကွက်ဓမ္မာရုံမှာ နိုဝင်ဘာ ၂၈ ရက် ဒီမနက် ၉ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို အမျိုးသားနှစ်ယောက်က ဝင်ရောက်ပစ်ခတ်ခဲ့လို့ နှစ်ယောက်သေဆုံးခဲ့ပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၉ နာရီက ရပ်ကွက်ဓမ္မာရုံအတွင်းမှာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ရှိနေစဥ် ဆိုင်ကယ်တစီးနဲ့ အမျိုးသားနှစ်ဦးက ဧည့်စာရင်းတိုင်ချင်တယ်လို့ပြောပြီး ဝင်ရောက်ပစ်ခတ်ခဲ့လို့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး သေဆုံးကာ အမျိုးသားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။
“ဓမ္မာရုံထဲမှာက ခြောက်ဦးလောက် ထိုင်နေတာ။ အုပ်ချုပ်ရေးအဖွဲ့တွေ သံတံခါးကို ပိတ်ထားတယ်။ အမျိုးသားနှစ်ယောက် ဧည့်စာရင်းတိုင်ချင်တယ် ပြောလို့ ဖွင့်ပေးရင်း အပစ်ခံရတာ။ အုပ်ကြီးရယ် ရာအိမ်မှူးရယ် သေတယ်။ အမျိုးသားတဦးက လက်ပဲထိသွားတာ၊ အုပ်ကြီးကားမောင်းတဲ့သူ။”
သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူမှာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်း၊ ရာအိမ်မှူး ဦးစန်းလှိုင် ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အုပ်ချုပ်ရေးမှူးရဲ့ ယာဥ်မောင်းတဦးဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
“ဆေးရုံကိုပို့ရင်း အုပ်ကြီးနဲ့ ရာအိမ်မှူးက သေတယ်။ တဦးက ဒဏ်ရာရတယ်။ ဘယ်ဆေးရုံကို ပို့လဲတော့ မသိဘူး။”
လတ်တလော ပစ်ခတ်မှုဖြစ်ရာ ရွှေလီ ၅ လမ်းရှိ ရပ်ကွက်ဓမ္မာရုံမှာ စစ်ကောင်စီတပ်က ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။