Home
မြန်မာသတင်း
နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိတ်ဓာတ်ခိုင်မာပြီး ပြန်လွတ်မြောက်မည်ဟု ယုံကြည်နေဟု ရှောင်တာနယ်ပြော
DVB
·
November 28, 2022

နေပြည်တော်ထောင်မှာ စစ်အာဏာရှင်ရဲ့ မတရား ဖမ်းဆီးအကျဉ်းချတာ ခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်ခိုင်မာလျက်ရှိပြီး သူပြန်လည်လွတ်မြောက်လာမယ်လို့ ယုံကြည်နေတဲ့အကြောင်း မကြာသေးခင်ကမှ ပြန်လွတ်လာတဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရခဲ့သူ အနည်းငယ်ထဲက တယောက်ဖြစ်တဲ့မစ္စတာရှောင်တာနယ်က သူ့ရဲ့ ထောင်တွင်းအတွေ့အကြုံတွေကို ယူကေအခြေစိုက်  Financial Times သတင်းစာနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။

တောရှင်းပြီး တည်ဆောက်ထားတဲ့ နေပြည်တော် အကျဉ်းထောင်နယ်မြေထဲက ခန်းဆီးလိုက်ကာတောင် မရှိ၊ ထုံးဖြူသုတ်ထားတဲ့ ကွန်ကရစ်တိုက်အိမ်ငယ်လေးထဲမှာ    ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကြောင်း၊ နေပြည်တော်အနီးက အကျဉ်းထောင်ပတ်ဝန်းကျင်မှာ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကွန်ရက်တွေကို ဖြတ်တောက်ပေးတဲ့ တာဝါတိုင် ၁၂ တိုင် တပ်ဆင်တည်ဆောက်ထားကြောင်း မစ္စတာရှောင်တာနယ်က ပြောပါတယ်။

အဲဒီလို ဆက်သွယ်ရေးကွန်ရက်ဖြတ်တောက်တဲ့ တာဝါတိုင်တွေ တပ်ဆင်ထားရတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေ ပြင်ပမရောက်အောင် တားဆီးလိုတဲ့သဘော ဖြစ်မယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်က ပြောပါတယ်။

မင်းအောင်လှိုင်တို့ စစ်အာဏာရှင်အဖွဲ့ရဲ့ မတရားဖမ်းဆီးထားမှုကို ခံနေရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ်ခိုင်မာလျက်ရှိကြောင်းနဲ့ ကမ္ဘာ့အဖြစ်အပျက်တွေကိုလည်း မျက်ခြည်မပြတ်ရှိနေကြောင်း သူက ဆိုပါတယ်။

ဘောရစ်ဂျွန်ဆင်နဲ့ လစ်ဇ်ထရပ်စ်တို့ရဲ့ ညှိနှိုင်းစေ့စပ်ဆောင်ရွက်မှုတွေကို သဘောကျနေခဲ့ပြီး ပူတင်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ကမ္ဘာ့အခြေအနေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ထိတ်လန့်မိခဲ့ကြောင်းနဲ့ သူပြန်လည်လွတ်မြောက်လာမယ်လို့ ယုံကြည်နေကြောင်း မစ္စတာရှောင်တာနယ်က Financial Times ကို ပြောခဲ့ပါတယ်။

အကျဉ်းထောင်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်အတွက် ဖတ်စရာ ဘာတခုမှ ပေးပို့ခွင့်မပေးပေမဲ့ မစ္စတာရှောင်တာနယ်က တရားမဝင် ရှုပ်ထွေးတဲ့ လမ်းကြောင်းတွေကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည့်ထံ စာအုပ်တွေ ပေးပို့နိုင်ခဲ့ပါတယ်။

မစ္စတာရှောင်တာနယ်ရဲ့ ပြန်လည်ပြောပြချက်တွေကနေတဆင့် ရွေးကောက်ပွဲမှာ ဒုတိယအကြိမ် အနိုင်ရခဲ့ပြီး စစ်တပ်ရဲ့ အာဏာလုခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းထောင်ထဲက နေ့စဉ်ဘဝကို အနည်းအကျဉ်း သိခွင့်ရခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း စစ်ကောင်စီက မီဒီယာတွေနဲ့ စကားပြောခွင့် ပိတ်ပင်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တာနယ်နဲ့ တခြား ၃ ယောက်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ စစ်ကောင်စီက အမိန့်ချပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကပေးတဲ့ အညိုရောင် (ယောဂီရောင်) ထမီနဲ့ နို့နှစ်ရောင်အင်္ကျီဝတ်စုံကိုသာ ဝတ်ဆင်စေပါတယ်။

“အရင်ကတည်းက သူက ပိန်တဲ့သူဆိုပေမဲ့ အခု ပိုပိန်သွားတယ်။ စိတ်ကတော့ အရင်တုန်းကအတိုင်း ခိုင်ခိုင်မာမာပဲ” လို့ မစ္စတာရှောင်တာနယ်က ပြောပါတယ်။

အင်းစိန်ထောင်ကို စတင်ရောက်ရှိခဲ့ချိန်ကနေစပြီး သူ့ရဲ့ အကျဉ်းစံဘဝ အကြောင်းတွေကိုလည်း အသက် ၅၈ နှစ်အရွယ် မစ္စတာရှောင်တာနယ်က ပြန်လည်ပြောပြခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူးလို့ Financial Times သတင်းက ရေးပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာရှင်တပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ အယောက်  ၃,၄၀၀ ကျော်ရှိခဲ့ပြီး လူဦးရေ ထောင်ပေါင်းများစွာ ဖမ်းဆီးထောင်ချခံခဲ့ရတယ်လို့ သိရပါတယ်။

အေအေပီပီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က မစ္စတာရှောင်တာနယ် လွတ်မြောက်လာမှုကို ကြိုဆိုခဲ့ပြီး သူ့ရဲ့ဖမ်းဆီးထိန်းသိမ်းခံရမှုကို နိုင်ငံရေးဓားစာခံအဖြစ် အသုံးချခံရတာလို့ ခိုင်းနှိုင်းပြောဆိုခဲ့ပြီး တခြားနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၂,၀၀၀ ကျော်ရှိပြီး ဒါဟာ မှတ်တမ်းရှိတဲ့ အရေအတွက်သာဖြစ်ကာ အခုလို အယောင်ပြပြန်လွှတ်ပေးတာဟာလည်း နိုင်ငံတကာကို အာရုံလွှဲဖို့အတွက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဩစတြေးလျ မက်ကွာရီတက္ကသိုလ်နဲ့ ဩစတြေးလျ ဗဟိုဘဏ်တို့ရဲ့ စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်ဟာ အာဏာသိမ်းပြီးနောက် ရက်ပိုင်းအကြာ ရန်ကုန်ဟိုတယ်က အထွက် စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် သူ့ကို အင်းစိန်ထောင်အပြင်ဘက်က ပြတင်းပေါက်မရှိတဲ့အခန်းမှာ ဖမ်းဆီးထားပြီး နှစ်လကြာ စစ်ကြောမေးမြန်းခဲ့တယ်လို့ မစ္စတာရှောင်တာနယ်က ပြောပါတယ်။

အဲဒီအခန်းထဲမှာ ကြမ်းပြင်မှာ မူလီနဲ့စွဲထားတဲ့ သံထိုင်ခုံတလုံးသာရှိပြီး အဲဒီသံထိုင်ခုံမှာ တခါတလေ သူ့ကို  ခြေချင်းခတ်ထားခံရတယ်လို့ ပြောပါတယ်။

သူ့ရဲ့ Laptop ကွန်ပျူတာထဲက ယူထားတဲ့ဖိုင်တွေနဲ့ ပတ်သက်ပြီး သူ့ကို စစ်ဆေးခဲ့ကြကြောင်း၊ ရုရှားနဲ့ တရုတ်နိုင်ငံထုတ် စက်တွေကို အသုံးပြုပြီး အဲဒီဖိုင်တွေကို ယူခဲ့တာဖြစ်ကြောင်း သူ့ကိုပြောခဲ့တယ်လို့ မစ္စတာရှောင်တာနယ်က ပြောပါတယ်။

“အဲဒီတော့ သူတို့က ကျနော့်ကိုအသုံးချပြီး ဒေါ်စုနဲ့ နိုင်ငံခြားသားတွေ ဆက်သွယ်ပြီး စီးပွားရှာနေတယ်လို့ ပုံဖော်ချင်ကြတယ်ဆိုတာ ကျနော်သဘောပေါက်မိတယ်” လို့  ရှောင်တာနယ်က ပြောပါတယ်။

အဲဒီနောက် သူ့ကို လမ်းပေါ်မှာ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းထားသူတွေနဲ့ ပြည့်နေတဲ့ အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့ပြီး အဲဒီမှာ တခြားအကျဉ်းသားတွေဆီကနေ ထောင်ထဲမှာ တတ်ထားရမယ့် ပညာရပ်တချို့ကိုလည်း သင်ယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် ဇူလိုင် ၂၀၂၁ ခုနှစ်မှာ သူ့ကို နေပြည်တော်ကို ပို့ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်အပြင် တခြားစီးပွားရေးပညာရှင် ၃ ယောက်နဲ့အတူ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော် အကျဉ်းထောင်နားက အုပ်ချုပ်ရေးရုံးထဲက အခန်းတခုကို ပြန်လည်ပြင်ဆင်ကာ တရားရုံးအခန်းအဖြစ် ပြုပြင်ထားတဲ့ တရားခွင်မှာ စစ်ဆေးမခံရမီ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပတ်တကြိမ် စကားပြောခွင့်ရခဲ့တယ်လို့ မစ္စတာရှောင်တာနယ်က ပြောပါတယ်။ အဲဒီနေရာကို လက်နက်ကိုင်အစောင့်အရှောက်တွေနဲ့ ခေါ်ဆောင်သွားခံရတယ်လို့ ဆိုပါတယ်။

စီးပွားရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ သာမန်လုပ်ငန်းစဉ်တွေဖြစ်တဲ့ ငွေလဲနှုန်းမူဝါဒလို စာရွက်စာတမ်းတွေကို လျှို့ဝှက်သတင်းအချက်အလက်အနေနဲ့ အစိုးရဆွဲချရှေ့နေတွေက တရားရုံးမှာ တင်ပြခဲ့ကြတယ်လို့ သူကပြောပါတယ်။ သူ မယုံကြည်တဲ့ စစ်ကောင်စီက စီစဉ်ပေးတဲ့ စကားပြန်ကနေတဆင့်သာ တရားခွင်မှာ ရင်ဆိုင်ဖို့အတွက် ရှေ့နေကို အကန့်အသတ်နဲ့ တွေ့ဆုံရတယ်လို့ ဆိုပါတယ်။

“တရားရုံးရော၊ အပြစ်ရှိတယ်ဆိုတာကလွဲလို့ ချမှတ်ဖို့ တခြားအမိန့်မရှိတဲ့ အခြေအနေရော၊ သူတို့ရဲ့ အဲဒီလုပ်ရပ်တွေဟာ တရားဝင် မှန်ကန်တယ်လို့ ဟန်ဆောင်ပန်ဆောင်တောင် သူတို့မလုပ်ကြဘူး” လို့ မစ္စတာရှောင်တာနယ်က ပြောပါတယ်။

အရပ် ၅ ပေ ၁ လက်မလောက်ရှိတဲ့ မစ္စတာရှောင်တာနယ်ဟာ ၅၀ ကီလိုဂရမ်လောက် ရောက်တဲ့အထိ မူလကိုယ်အလေးချိန်ထက် ၂၀ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့ပြီး ထောင်ထဲမှာ ကိုဗစ်ရောဂါပိုး ၅ ကြိမ် ကူးစက်ခံခဲ့ရကြောင်း၊ နေပြည်တော်ထောင်ထဲမှာလည်း သွားကျိုးလောက်အောင် ခဲတွေပါတဲ့ ဆန်ပြုတ်ကိုပဲ သောက်ခဲ့ရကြောင်းတွေကို ပြောပြပါတယ်။

အဲဒီနောက် ယူကေသံအမတ်ဟောင်း ဗစ်ကီဘိုးမန်း အပါအဝင် နိုင်ငံခြားသား အကျဉ်းသားတွေနဲ့အတူ သူတို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ သူတို့လုပ်မယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာရဲ့ ဆန့်ကျင်မှုတွေ လျော့ကျသွားစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ နိုင်ငံရေးသုတေသီတွေက ယုံကြည်ထားပါတယ်။

ဆစ်ဒနီမြို့ကို သူပြန်ရောက်ပြီးနောက်မှာ မြန်မာနိုင်ငံသားတွေဆီကနေ သူကြုံတွေ့ခဲ့ရတဲ့ စက်ဆုပ်ဖွယ်ရာ အတွေ့အကြုံတွေအတွက် တောင်းပန်ကြောင်း စာတွေအမြောက်အမြား လက်ခံရရှိခဲ့တယ်လို့ မစ္စတာရှောင်တာနယ်က ပြောပါတယ်။

“အကောင်းဆုံးလူတွေကို အဆိုးဆုံးလူတွေက အုပ်စိုးခြယ်လှယ်တာ ခံနေကြရတယ်။ သူတို့တွေ ဒီလိုခံစားကြုံတွေ့ရဖို့ မထိုက်တန်ပေမဲ့ ဝဋ်ကြွေးပါလာတယ်လို့ပဲ ပြောရမယ်ထင်တယ်” လို့ မစ္စတာရှောင်တာနယ်က ပြောခဲ့ကြောင်း Financial Times ရဲ့ သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

Ref- Financial Times

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024