DVB Logo
Home
မြန်မာသတင်း
ပုလောနှင့် တနင်္သာရီတွင် နှစ်ရက်ဆက် တိုက်ပွဲများဖြစ်ပွား
DVB
·
November 28, 2022
ပုလောနှင့် တနင်္သာရီတွင် နှစ်ရက်ဆက် တိုက်ပွဲများဖြစ်ပွား
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ နှစ်ရက်တာအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ၆ နေရာထက်မနည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ PDF တာဝန်ရှိသူတဦးဆီက သိရပါတယ်။

အဆိုပါတိုက်ပွဲများကြောင့် စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့ပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့သလို ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ၁ ဦးကျဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့မနက် ၅ နာရီလောက်က ပုလောမြို့နယ် မီးလောင်းချောင်းရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို King Cobra Force (တောကြီးမြွေဟောက်တပ်ဖွဲ့)က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တောကြီးမြွေဟောက်တပ်ဖွဲ့မှ ရဲဘော်မိုက်ဟာ တာဝန်ထမ်းဆောင်ရင်း မနက် ၁၁ နာရီခွဲလောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ KPDF၊ ပူရိယက္ခညီနောင်စစ်ကောင်းနဲ့ မဟာမိတ်ညီနောင်တွေက နန်းတောင်ရွာရှိ စစ်ကောင်စီစခန်းငယ်တခုကို ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်းစီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

နိုဝင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီလောက်ကလည်း ပလမြို့မှ ကဒဲရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ကို PDF မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တယ်လို့ PPDF တာဝန်ရှိသူတွေဆီ သိရပါတယ်။

နှစ်ဖက် ၃ နာရီလောက် အပြန်အလှန်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော် ၂ ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်။

တိုက်ပွဲဖြစ်ပွားနေစဉ် ပဝတ်ကုန်းရွာဘက်မှ ကဒဲကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PRDF ရဲ့ နဂါးမင်းတပ်ခွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီခွဲလောက်ကလည်း ပုလောအခြေစိုက် ၂၈၅ တပ်ရင်းနဲ့ နန်းတောင်ရွာရှိ စစ်ကောင်စီစခန်းငယ်တို့ကို ပုရိယက္ခစစ်ကြောင်းနဲ့ မဟာမိတ်ညီနောင်တွေက တပြိုက်နက်တည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပူရိယက္ခမဟာမိတ်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။ 

ပုလောမြို့အဝင်မှာရှိတဲ့ အမှတ် ၂၈၅ တပ်ရင်းကို ပုလောတော်လှန်ရေးသမိုင်းမှာ ပထမဆုံး တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး အဆိုပါတိုက်ပွဲဟာ မိနစ် ၃၀ လောက်ကြာတယ်လို့ သိရပါတယ်။

ပုလောမှာ နှစ်ဖက်စစ်ရေးတင်းမာလျက်တာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကောင်စီ ယာဉ်တန်းကို ရှောင်ရှားသွားလာကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၁ က မေတ္တာရပ်ခံထားပါတယ်။

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ လယ်သစ်အနောက်အုပ်စု၊ တမွတ်ခြောက်ပင်ကျေးရွာကို စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်ကိုလည်း နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ ပစ်ခတ် တိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တမွတ်ခြောက်ကျေးရွာ တဖက်ကမ်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒေသခံပြည်သူတဦးက  “မနက် ၈ နာရီလောက်က ဖြစ်တယ်ထင်တယ်။ စစ်သား ၂ ယောက်ကျသွားတယ်လို့လည်း ကြားရတယ်။ အခု စစ်သားတွေ ရွာနားတွေမှာ ရှိနေတယ်လို့ ကြားတယ်။ ဘယ်ချိန်ရွာထဲ ဝင်လာမလဲတော့ မသိဘူး။ စစ်ကြောင်းတွေခွဲပြီး ဝင်လာဖို့ ရှိတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

အခုလို တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ တမွတ်ခြောက်ပင်ရွာနားတဝိုက် စခန်းချနေတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013