DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ စစ်ရေးတင်းမာနေ၍ ကျိုက်မရောဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်
DVB
·
November 27, 2022
စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ စစ်ရေးတင်းမာနေ၍ ကျိုက်မရောဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်
Donate to DVB

စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် BGFတို့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာလာတာကြောင့် မွန်ပြည်နယ် ကျိုက်မရောမြို့ ဒေသခံ ထောင်ချီ ဘေးလွတ်ရာ ရှောင်တိမ်းနေရပြီလို့ ဒေသခံတွေက ပြောပါတယ်။

PDF သတင်းအရင်းမြစ်တွေက “စစ်ရေး တင်းမာနေတယ်။ ချောင်းနှစ်ခွကနေ သံပုရာရွာကို အခုရက်ပိုင်း အမြောက်တွေ ပို့ထားတယ်လို့ ကြားတာကြောင့် ဒေသခံတွေမှာ ရွာကို မပြန်နိုင်ကြ သေးဘူး”လို့ ပြောပါတယ်။ 

နှစ်ဘက်တိုက်ပွဲ ထပ်ဖြစ်လာမှာကို စိုးရိမ်ပြီး ကျိုက်မရောမြို့ပေါ်မှာလည်း စစ်တပ်နဲ့ ရဲစခန်းအနားနေသူတွေ တခြားနေရာတွေဆီ ညဘက်တွေ ပြောင်းအိပ်နေရတယ်လို့ သိရပါတယ်။

မြို့ခံတယောက်က "ကျိုက်မရော မြို့ပေါ်ရဲစခန်းနားဆိုတော့  ညဘက်မအိပ်ရဲဘူး ပစ်ခတ်လာလို့ရှိရင် ထွက်ကလည်းမရ။ တိုက်ပွဲတွေမဖြစ်ခင် နီးစပ်ရာ လူနေရပ်ကွက်ထဲက အသိအိမ်တွေမှာ လိုက်နေရတယ်။ တောဘက်ကိုတော့ မသွားရဲဘူး"လို့ ဆိုပါတယ်။

ဒါအပြင် KNU တပ်မဟာ ၆ နယ်မြေထဲက ရဲမွန်ရွာ၊ သရက်ကုန်းရွာအပါဝင် ကျောက်ကွဲ၊ မယ်တရို၊ အတ္ထရံ၊ ပေါလော၊ မီးသွေးကုန်း၊ ကြံတောနဲ့ လှိုင်ကမိန်ရွာတွေက ဒေသခံတွေဟာ လည်း ချောင်းနှစ်ခွ တိုက်ပွဲအပြီး တိမ်းရှောင်နေကြသလို ကော့ကရိတ်ဘက်တက်တဲ့ လမ်းဘက်က ရွာတွေနဲ့ မြစ်အရှေ့ဘက်ခြမ်းက ဖာသိမ်၊ ငါးပြေမ၊ ကြခတ်ကုန်းဘက်က ဒေသခံ တွေလည်း စစ်ရှောင်နေခဲ့ကြတာပါ။

စစ်ရှောင်ရွာသား တယောက်က"လောလောဆယ်တော့ စကစဘက်က ရွာသားတွေကို ဘာမှတော့ မလုပ်သေးဘူး။ဒါပေမယ့် စစ်ကိုင်းဘက် မကွေးဘက်ကလိုဖြစ်မှာဆိုးလို့ အသက်ကိုပဲ ဦးစား ပေးပြီး လောလောဆယ်လွတ်အောင်ပြေးထားရတာပေါ့။ စစ်ပွဲထပ်ဖြစ်မှာလည်း စိုးရိမ်ရသလို  ရွာတွေဘက်ဝင်လာပြီးဆို ဖမ်းမယ်၊ ပစ်မယ် ကြောက်တာရယ်၊ အခုအခြေနေရဆို တိုက်ပွဲက ထပ်ဖြစ်နိုင်တာကြောင့် အိမ်ကိုလည်း မပြန်နိုင်တော့ ​အခုချိန်က စပါးရိမ်းသိမ်းချိန် ခြံလယ် လုပ်ငန်းလည်း မလုပ်နိုင်ဘူး"လို့ ပြောပါတယ်။

တောင်ကလေးကျိုက်မရော ချောင်းနှစ်ခွရွာတိုက်ပွဲအပြီး  BGF အဖွဲ့က ညစဥ် ရွာတွေပါမကျန် အင်အားရာချီ ကင်းလှည့်နေပြီး   စစ်ကောင်စီတပ်ကလည်း KNU တပ်မဟာ ၆ နယ်မြေတွေ ဘက်ကို လေကြောင်းကနေ မကြာခဏဆိုသလို တိုက်ခိုက်နေသလို KNLA ပူးပေါင်းအဖွဲ့ကလည်း ဝေဟင်ကနေ တန်ပြန်တဲ့အနေဖြင့် ဒရုန်းနဲ့ပါ ပြန်လည်တိုက်ခိုက်တာကြောင့် သာမန်အရပ်သား ၁ ဒါဇင်ကျော်လောက် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်က PDF ခြေကုပ်စခန်းရှိနိုင်တဲ့ နေရာတွေကိုလည်း စစ်ကောင်စီတပ်က ကင်းထောက်လေယာဥ်နဲ့ မကြာခဏဆိုသလို စုံစမ်းထောက် လှမ်းနေခဲ့တယ်လို့ ရေးဘီးလူး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ရေးရဲစခန်းမှူးနဲ့အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးပြီးနောက် PDF တွေရဲ့ ခြေကုပ်စခန်းတွေကို ​ခြေရာခံလိုက်ပြီး စုံစမ်းထောက်လှမ်းနေတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက  “လေယာဥ်သံက ည ၁၀ နာရီကျော်ဆို ကြားရပြီး ဘယ်ကိုသွားလဲတော့ မသိဘူး။ အခုလိုအချိန်မှာ ညဘက်လေယာဥ်သံကြားတော့  ဘယ်နေရာမှာ ဗုံးလာကြဲမလဲဆိုတာ စိုးရိမ်ရတာပေါ့” လို့ ပြောပါတယ်။

မွန်-ကရင်ပြည်နယ်ဘက်တွေကို လေကြောင်းကနေ ပိုမိုတိုက်ခိုက်လာတာတွေ့ရပြီး မြေပြင် စစ်တပ်ကို အထိနာမခံချင်တာကြောင့် လေယာဥ်နဲ့သာ တိုက်ခိုက်ရေးမှာ ပိုမိုအသုံးချ လာနေတယ်လို့ စစ်ရေးလေ့လာနေသူတွေက ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ တနိုင်ငံလုံး  စစ်မျက်နှာ ဖွင့်ထားခဲ့ရာ မြေပြင်တိုက်ခိုက်ရေးထက် လေကြောင်း တိုက်ခိုက်ရေးကို ပိုလုပ်လာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013