
ကမ္ဘာ့ဖလားဘောလုံးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ကာတာနိုင်ငံအစိုးရအနေနဲ့ သူရဲ့ဆိပ်ကမ်းတွေမှာ မြန်မာစစ်တပ်ပိုင် ကုန်တင်သင်္ဘောတွေကို ကမ်းကပ်ခွင့်မပြုဖို့ မြန်မာ့အရေးစည်းရုံးလှုပ်ရှားနေတဲ့ ဘားမားကမ်ပိန်း(ယူကေ)က တောင်းဆိုလိုက်ပါတယ်။
စစ်တပ်ရဲ့ အဓိက စည်းပွားရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကပိုင်ဆိုင်တဲ့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းပိုင် ကုန်တင်သင်္ဘော တစီးဟာ ကာတာအစိုးရပိုင် ဟာမက်ဆိပ်ကမ်းမှာ လက်ရှိ ရပ်နားထားတာဖြစ်ပါတယ်။
ဘားမားကမ်ပိန်းယူကေရဲ့ ဒါရိုက်တာ မာ့ခ်ဖာမနာက“မြန်မာစစ်တပ်ပိုင်တဲ့ ကုန်တင်သင်္ဘောတွေကို ကာတာနိုင်ငံပိုင်တဲ့ ဆိပ်ကမ်းမှာ ရပ်နားခွင့်ပေးတာဟာ ကာတာနိုင်ငံက ဆန့်ကျင် ရှုတ်ချကန့်ကွက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က နောက်ထပ်ကျူးလွန်ဖို့ ဘဏ္ဍာရေး အထောက်အကူပေးရာရောက်တယ်”လို့ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတော့ ကန့်ကွက်ရှုတ်ချပြီး မြန်မာစစ်တပ်နဲ့ စီးပွားရေးတွဲဖက်လုပ်ကိုင်နေတာဟာ ကာတာအနေနဲ့ အပြောနဲ့အလုပ်မညီတာဖြစ်သလို ကာတာနိုင်ငံဟာ သူပိုင်ဆိပ်ကမ်းတွေကို မြန်မာစစ်တပ်က အသုံးချခွင့်မရအောင် တားဆီးဖို့လိုတယ်လည်း မာ့ခ်ဖာမနာကပြောလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဘဏ္ဍာရေးအထောက်အပံ့ ဖြစ်စေတာကြောင့် မြန်မာစစ်တပ်ပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ယူကေ၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က စီးပွားရေးပိတ်ဆို့ထားကြတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုရပ်တန့်ဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကာတာနိုင်ငံကလည်း ကုလသမဂ္ဂမှာ ထောက်ခံခဲ့ပါတယ်။
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ကာတာဟာ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံးက တရားစွဲဆိုခဲ့တာကိုလည်း ထောက်ခံခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။