Home
မြန်မာသတင်း
လောင်းလုံးမြို့နယ် ညောပြင်ရွာကို စစ်တပ်ဝင်ရောက်ရှာဖွေပြီး ရွာသား နှစ်ဦးကို ပစ်သတ်
DVB
·
November 27, 2022

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာကို နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး နေအိမ်တချို့ကို ဖျက်ဆီးကာ ရွာခံတွေကို ရိုက်နှက်ဖမ်းဆီးစစ်ဆေးခဲ့တဲ့အပြင် အမျိုးသား ၂ ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၀ ကျော်အရွယ် မောင်သိန်းလွင်နဲ့ တခြားရွာကနေ ပြောင်းရွှေ့လာရောက် နေထိုင်ပြီး အီကြာကွေး ကြော်ရောင်းနေတဲ့ အသက် ၄၀ အရွယ် ဦးကျော်စိုးတို့ကို ပစ်သတ်သွားတာလို့ ဆိုပါတယ်။

ပစ်သတ်ခံလိုက်ရတဲ့ မောင်သိန်းလွင်ဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ မသန်စွမ်းတယောက် ဖြစ်ပြီး ဦးကျော်စိုးမှာတော့ ၆ လအရွယ် သမီးလေး တယောက်နဲ့ ဇနီး ကျန်ခဲ့တယ်လို့ သိရ ပါတယ်။

ညောပြင်ရွာခံ တဦးက  "သူတို့က တနေ့လုပ်တနေ့စားတွေ။ သမီးလေးကလည်း ငယ်ငယ်လေးရှိ သေးတာ။ ကျန်ခဲ့တဲ့ ဇနီးက တော်တော်လေးအခက်တွေ့နေတယ်။ ဝိုင်းကူပေးဖို့တော့ လုပ်နေတယ်" လို့ ပြောပါတယ်။

​ညောပြင်ကျေးရွာကနေ ၄ မိုင်လောက်အကွာ ကျောက်နီမော်ကျေးရွာမှာ စခန်းချနေထိုင်တဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်လောက်ဟာ ကားသုံးလေးစီးနဲ့ မနက် ၅ နာရီလောက် ရွာထဲရောက်လာပြီး နေအိမ်တချို့ကို ရိုက်ဖျက်ဖျက်ဆီးကာ တန်းဖိုးရှိ ပစ္စည်းတွေ ကိုလည်း ယူသွားတယ်လို့ ရွာသားတွေက ဆိုပါတယ်။

ရွာခံတဦးက" ရွာထဲ စဝင်လာကတည်းက မွှေတာ။ တွေ့တဲ့လူကို ဖမ်းတယ်။ ပြီးရင် အကုန်လုံးကို နေပူထဲ တနေကုန်ထိုင်ခိုင်းထားတယ်။ သူတို့ပြန်မှ အကုန်လွှတ်ပေးတာ" လို့ ပြောပါတယ်။

ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေဟာ ညနေ ၆ နာရီလောက်မှ ရွာထဲကနေ ပြန်ထွက်သွားပြီး ရွာခံတွေရဲ့ ဆိုင်ကယ် ၉ စီးနဲ့ နေအိမ်တွေက ပိုက်ဆံတချို့ကိုလည်း ယူဆောင်သွားတယ်လို့ ပြောပေမယ့် ပိုက်​ဆံဘယ်လောက် ပါသွားလဲဆိုတာကိုတော့ မသိရပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလို ရွာထဲဝင်ရောက်ရှာဖွေနေတာဟာ နိုဝင်ဘာ ၂၃ ရက်က ထားဝယ်မြစ်ထဲမှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ၄ ယောက်ကို PDF တွေက ပစ်သတ်ခဲ့တာနဲ့ ပတ်သက်နိုင်ပြီး ရွာသားတွေကိုလည်း PDF တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်မှု ရှိ။ မရှိ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024