DVB Logo
Home
မြန်မာသတင်း
မြန်မာအကြာင်းမှတ်တမ်းရုပ်ရှင်များဆက်ရိုက်မည်ဟု ထောင်မှပြန်လွတ်လာသည့် ဂျပန်ဒါရိုက်တာ ကတိပြု
DVB
·
November 26, 2022
မြန်မာအကြာင်းမှတ်တမ်းရုပ်ရှင်များဆက်ရိုက်မည်ဟု ထောင်မှပြန်လွတ်လာသည့်  ဂျပန်ဒါရိုက်တာ ကတိပြု
Donate to DVB

မြန်မာနိုင်ငံမှာ အကျဉ်းချခံခဲ့ရပြီး ကူရာကယ်ရာမဲ့ အလွန်စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ ထောင်ကပြန်လွတ်ပြီးနောက်မှာ ခံယူချက်ပြောင်းလဲခြင်းမရှိဘူးလို့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဂျပန်နိုင်ငံသား တိုရူကူဘိုတာက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်တွေဆက်လက်ရိုက်ကူးသွားမှာ ဖြစ်ကြောင်းလည်း နိုဝင်ဘာလ ၂၄ ရက်က ဂျပန်နိုင်ငံထုတ် Asashi Shimbun သတင်းစာနဲ့ အင်တာဗျူးမှာ ပြောခဲ့တယ်လို့ သိရပါတယ်။ 

တိုရူကူဘိုတာက “မမြင်ရတဲ့အကြမ်းဖက်မှုတွေအကြောင်းကို ပြောခွင့်မရတဲ့အခြေအနေမှာ မြန်မာနိုင်ငံသားတွေဟာ သူတို့ရဲ့ဘဝတွေရင်းပြီး လွတ်လပ်ခွင့်ကိုကာကွယ်နေကြရတဲ့ ဖြစ်ရပ်မှန်တွေကို လူတိုင်းသိအောင် ကျနော်ချပြချင်ပါတယ်” လို့ ပြောပါတယ်။

သုံးလခွဲကြာအောင် ထောင်ထဲမှာနေခဲ့ရတဲ့ အဖြစ်ဆိုးက သူ့အပေါ်သက်ရောက်မှုတော့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“လုံးဝကို အရုပ်ကြိုးပြတ်လိုပဲ၊ အနာဂတ်ဆိုတာလည်းမရှိတော့ဘူး၊ စိတ်ဓာတ်ကျသွားတယ်” တိုရူကူဘိုတာက ပြောပါတယ်။ 

တိုရူကူဘိုတာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး ပြည်သူလူထုက စစ်ကောင်စီကို ဆန္ဒပြနေကြတာကို မှတ်တမ်းရိုက်ကူးနေစဉ် ဇူလိုင် ၃၀ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူမျက်လုံးကို အဝတ်စည်းပြီး သေနတ်နဲ့ထောက်ကာ ကားထဲ ဝင်ခိုင်းခဲ့ကြောင်းနဲ့ အဲဒီအချိန်မှာ သူ့စိတ်ကခံစားချက်မဲ့ ဟာလာဟင်းလင်းဖြစ်သွားခဲ့ရကြောင်း မစ္စတာ ကူဘိုတာက ပြန်ပြောပြပါတယ်။

ရဲစခန်းက ထိန်းသိမ်းရေးစခန်းကိုရောက်တဲ့အချိန်မှာ ပေ ၃၀ ပတ်လည်လောက်ရှိတဲ့ အခန်းထဲမှာ  လူအယောက် ၂၀ လောက်နဲ့ ကျပ်ကျပ်ညပ်ညပ် နေခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလိုကျဉ်းကျပ်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက်ထပ်အိပ်ပြီး ငရဲကျနေသလိုခံ စားခဲ့ရတယ်လို့ လည်းပြောပါတယ်။ 

အဲဒီနောက်သူ့ကို ဩဂုတ် ၄ ရက်မှာ အင်းစိန်အကျဉ်းထောင်ကိုပို့ဆောင်ခဲ့ပြီး ၁၀ ပေပတ်လည်ရှိတဲ့ အခန်းထဲမှာ သီးသန့်ထိန်းသိမ်းထားခဲ့ကြောင်းနဲ့ သူလျှို့ဝှက်ယူဆောင်သွားတဲ့ ဘောပင်နဲ့ ဒိုင်ယာရီရေးပြီး စိတ်ဓာတ်မကျအောင်နေထိုင်ခဲ့ကြောင်းတွေကို တိုရူကူဘိုတာက ပြန်ပြောပြခဲ့ပါတယ်။ 

အောက်တိုဘာလထဲမှာတော့ သွေးထိုးလှုံ့ဆော်မှုအပါအဝင် အမှု ၃ ခုနဲ့  စစ်ကောင်စီ တရားရုံးက သူ့ကို ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရပြီးချိန်မှာ ပြန်လွတ်မယ့်လမ်းမမြင်မိဘူးလို့ ဆိုပါတယ်။ “ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိတော့အောင် ကူရာကယ်ရာမဲ့ ခံစားခဲ့ရတယ်”လို့ တိုရူကူဘိုတာက ပြောပါတယ်။

အဲဒီလို သွေးပျက်စရာ အခြေအနေတွေနဲ့ ကြုံနေရချိန်မှာ တခြားမြန်မာအကျဉ်းသားတွေက မြန်မာစကားသင်ပေးခဲ့ပြီးအားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုရူကူဘိုတာက “အဲဒီလောက်စိတ်ပျက်စရာ ကောင်းတဲ့ အခြေအနေမှာ မနက်တိုင်းကို ခံနိုင်ရည်ရှိတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ နိုးထနိုင်အောင် သင်ယူနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက်မှာတော့ ထောင်ဦးစီးက သူ့ကို အခုထွက်တော့လို့ လာပြောခဲ့ပြီး နောက်ရက်မှာတော့ ဂျပန်ကို ပြန်လည်ပို့ဆောင်ခံခဲ့ရကြောင်းပြောပါတယ်။

ကူဘိုတာဟာ ဂျပန်နိုင်ငံ တိုကျိုမြို့က Keio တက္ကသိုလ်မှာ တက်ရောက်နေစဉ်တည်းက မှတ်တမ်းရုပ်ရှင်တွေရိုက်ကူးခဲ့တာဖြစ်ပြီး “Light up Rohingya” မှတ်တမ်းရုပ်ရှင်ဟာ သူရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ကို မြန်မာနိုင်ငံထဲက ရိုဟင်ဂျာ မွတ်စလင်တွေဆီမှာ သွားရောက်ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သွေးပျက်စရာအခြေအနေနဲ့ကြုံခဲ့ရပေမဲ့ ကူဘိုတာဟာ မြန်မာနိုင်ငံမှာ မှတ်တမ်းရုပ်ရှင်တွေ ဆက်လက်ရိုက်ကူးသွားမှာဖြစ်ကြောင်း Asashi Shimbun သတင်းစာက ရေးသားဖော်ပြထား ပါတယ်။ 

Ref/Photo - Asahi

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013