
ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ ကျေးရွားအုပ်စု ၅၃ စုအတွင်း နိုဝင်ဘာ ၂၆ ရက်ကစပြီး ဆိုင်ကယ်စီးနင်း မောင်းနှင်ခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိုင်ကယ်စီးခွင့်ပိတ်တဲ့ ညွှန်ကြားချက်ကို မြို့နယ်ထွေ/အုပ်ဦးစီးဌာနက နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်တွေက ဆိုင်ကယ်စီးနင်းကာ ခေါင်းစဉ်အမျိုးမျိုးတပ် သတ်ဖြတ်ခဲ့တာတွေကြောင့် အခုလိုပိတ်လိုက်တာလို့ ညွှန်ကြားချက်က ဆိုပါတယ်။
ဒေသခံအမျိုးသား တဦးက "ခရမ်းမြို့ပေါ်ကတော့ ဆိုင်ကယ်စီးခွင့် ပိတ်ထားတာကြာပြီ။ အရင်က နယ်တွေမှာ စီးရသေးတယ်။ အခု စာထွက်လာတာ တမြို့နယ်လုံး ဆိုင်ကယ်စီးနင်းခွင့် ပိတ်လိုက် တယ်ဆိုတော့ ဆိုင်ကယ် နဲ့ အသက်မွေးဝမ်းကြောင်း ပြုရသူတွေ အတော် ဒုက္ခရောက်ရတယ်"လို့ ပြောပါတယ်။
အခုလို ဆိုင်ကယ်စီးနင်းမောင်းနှင်ခွင့် ပိတ်ပင်ကြောင်းကို ခရမ်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ၅၃ အုပ်စုက အုပ်ချုပ်ရေးမှူးတွေဆီ စာထုတ်ပြန်ကာ အုပ်ချုပ်ရေးမှူးတွေကတဆင့် ကျေးရွာအတွင်း လိုက်လံကြေညာခဲ့ပြီး ဆိုင်ကယ်စီးနင်းပါက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးအရေးယူမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒေးပေါက်ကျေးရွာက အရောင်းအဝယ်လုပ်ကိုင်သူ အမျိုးသမီးတဦးက "အုပ်ကြီးအဖွဲ့က အသံချဲ့စက်နဲ့ ဆိုင်ကယ်မစီးရ လိုက်ကြေညာတယ်။ ဒီဘက်တွေက ဆိုင်ကယ်နဲ့ပဲ မြို့သွား ဈေးရောင်း၊ ဈေးဝယ် လုပ်ရတယ်။ ဆိုင်ကယ်မရှိတော့ သုံးဘီးနဲ့ သွားရတာ စရိတ်ပိုကုန်တယ်။ ဆိုင်ကယ်ကယ်ရီ နဲ့ဆို မြို့က ဈေးဝယ်ပြန်လာ အိမ်ရှေ့အထိ ရောက်တယ်။ ဒီမှာက ဆိုင်ကယ်အသုံးများတော့ ဆိုင်ကယ်မစီးရဆိုတော့ အတော့်ကို အခက်အခဲဖြစ်တယ်" လို့ ပြောပါတယ်။
ခရမ်းမြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးခွင့် မရှိပေမယ့် ဘေးတွဲဆိုင်ကယ်၊ လျှပ်စစ်စက်ဘီး၊ အနှေးယာဉ်နဲ့ မော်တော်ကားတွေကိုတော့ မြို့နယ်အတွင်း စီးနင်းခွင့်ပြုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ခရမ်းမြို့နယ်အတွင်း အကြမ်းဖက်သမားတွေဟာ ဆိုင်ကယ်စီးနင်း မောင်းနှင်ပြီး စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေ၊ နိုင်ငံဝန်ထမ်းတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ၂၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ၂၁ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။