Home
မြန်မာသတင်း
အာရှတွင် ကျားမှောင်ခိုရောင်းဝယ်သည့် အချက်အချာနေရာ မြန်မာဖြစ်လာ
DVB
·
November 26, 2022
315438956_419465340398038_9196706281446061216_n

တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အရှေ့အာရှဒေသကို သွားတဲ့လမ်းစုံမှာ ရှိနေပြီး ကာလရှည်ကြာ နိုင်ငံရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ ကျားသတ္တဝါတွေအပါအဝင်  သဘာဝ တောရိုင်းတိရစ္ဆာန် မှောင်ခိုရောင်းဝယ်ရေးရဲ့ အဓိကကျတဲ့ အချက်အချာနေရာဖြစ်လာမယ်လို့ WJC အဖွဲ့က ပြောပါတယ်။

ဒါဟာ သဘာဝတောရိုင်းတိရစ္ဆာန် စောင့်ရှောက်ထိန်းသိမ်းသူတွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ သဘာဝတောရိုင်းတိရိစ္ဆာန်ဆိုင်ရာ တရားရေးကော်မရှင်(WJC)ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထား တာဖြစ်ပါတယ်။

အိန္ဒိယမှာ သာမန်မဟုတ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ဝယ်ယူမွေးမြုတာတွေ များလာတာနဲ့အမျှ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အရှေ့မြောက်ဘက်ကနေ အိန္ဒိယနိုင်ငံထဲကို သာမန်မဟုတ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေ မှောင်ခိုတင်သွင်းမှုတွေရှိနေကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

ရာဇဝတ်မှုတွေကို အုပ်စုဖွဲ့ကာ အစီအစဉ်ချကျူးလွန်တဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ဖမ်းဆီးထားတဲ့ ကျားတွေကို အမဲဖျက်ပုံအမျိုးမျိုးနဲ့ ကျားတွေကို အရှင်ရောင်းချတာ၊ ကျားတွေရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကနေ ဘယ်လိုအကျိုးအမြတ်တွေယူနေကြသလဲဆိုတာကို နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ်မြို့အခြေစိုက် အကျိုးအမြတ်မရှာတဲ့  WJC အဖွဲ့က ကျားအရေနွှာနည်း အမည်နဲ့ စာတမ်း တစောင်ကို အခု နိုဝင်ဘာလအစောပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

အဲဒီစာတမ်းမှာ အဓိကအားဖြင့်တော့ အရှေ့တောင်အာရှရဲ့ တရားမဝင် ကျားမှောင်ခို ရောင်းဝယ်ရေး အကြောင်းတွေကို ဖော်ပြထားပြီး မြန်မာနိုင်ငံထဲက အခြေအနေတချို့နဲ့ တရားမဝင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ရေးဆိုင်ရာ ကိစ္စတချို့ကို ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖောဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အကြမ်းဖက်မှုတွေကို ပိုတိုးပြီး အဆက်မပြတ်ကျူးလွန်ခဲ့တာကြောင့် နိုင်ငံအနှံ့အိမ်ရာမဲ့ ဖြစ်ခဲ့ရသူ သိန်းပေါင်းများစွာရှိခဲ့ပြီး လူဦးရေ ၃ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေလို အပ်နေပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း ၂၀၂၀ အရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ အဆင့် ၁၄၇ ရှိနေခဲ့ပါတယ်။ လူမှုရေးနဲ့ နိုင်ငံရေးပြဿနာတွေဟာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေးအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိနေပုံရတယ်လို့ ဆိုပါတယ်။

မြန်မာနယ်စပ်အနီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ခြမ်းမှာ မျိုးတုံးခါနီး ရှားပါးတိရစ္ဆာန်တွေ အများအပြားဖမ်းဆီးရမိတာကြောင့် ရှားပါးသက်ရှိတိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် မှောင်ခိုကုန်သွယ်တဲ့လမ်းကြောင်းမှာ မြန်မာဟာ အဓိကအချက်အချာ ဖြစ်နေနိုင်ကြောင်းနဲ့ အဲဒီပြဿနာဟာ လေ့လာထိန်းချုပ်ခြင်းမဆောင်ရွက်နိုင်သေးတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ကျားအရေနွှာနည်း စာတမ်းမှာ ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံထဲကို အိန္ဒိယကနေ မှောင်ခိုပစ္စည်းအမျိုးမျိုးတင်သွင်းရာမှာ အရင်က မဏိပူရပြည်နယ်ကနေတဆင့် တင်သွင်းနေကြတဲ့အစဉ်အလာရှိခဲ့ပေမဲ့ အခုချိန်မှာတော့ မှောင်ခို ကုန်ကူးသူတွေဟာ အိန္ဒိယရဲ့ ရှားပါးအိမ်မွေးတိရစ္ဆာန်ဈေးကွက်အတွက် မီဇိုရမ်ပြည်နယ်ဘက်ကနေ လမ်းကြောင်းပြောင်းလဲတင်သွင်းနေကြတယ်လို့ စာတမ်းမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံမှာ ဆင်၊ ကျားနဲ့ သင်းခွေချပ်တွေအပါအဝင် မျိုးစိတ်ပေါင်း ၉၀ ကျော်ကို ၂၀၂၀ ပြည့်နှစ် ဇွန်လကစပြီး  ပုဂ္ဂလိကပိုင်တိရစ္ဆာန်ရုံတွေမှာ သားဖောက်မွေးမြူခွင့်လိုင်စင်ထုတ်ပေးခဲ့ကြောင်းနဲ့ နိုင်ငံတကာသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအသင်းရဲ့ အချက်အလက်တွေအရ အဲဒီမျိုးစိတ်တွေထဲက ၂၀ ကျော်ဟာ မျိုးတုံးတော့မယ့် ဒါမှမဟုတ် မျိုးတုံးပျောက်ကွယ်မယ့် အလားအလာများတဲ့ မျိုးစိတ်တွေဖြစ်တယ်လို့ ကျားအရေနွှာနည်း စားတမ်းမှာ ဖော်ပြထားပါတယ်။

အသစ်ခွင့်ပြုလိုက်တဲ့ ဥပဒေမှာ ဘယ်သူတွေကို တောရိုင်းတိရစ္ဆာန်နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေ ပေးထားတယ်ဆိုတာနဲ့ ဘယ်ပမာဏအထိလုပ်ပိုင်ခွင့်ပေးထားတယ်ဆိုတာကိုတော့ တိတိကျကျမသိရဘူးလို့ ဆိုပါတယ်။ 

“မျိုးတုံးဖို့အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေကို မြန်မာနိုင်ငံမှာ မျိုးဖောက်မွေးမြူခွင့်ပေးတဲ့ ဥပဒေအ ပြောင်းအလဲရှိလာပြီးနောက်မှာ မြန်မာနိုင်ငံမှာ ကျားမွေးမြူရောင်းချတဲ့လုပ်ငန်းတွေ ရှိနေနိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်းထွက်ပေါ်လာခဲ့တယ်” လို့ အဲဒီစာတမ်းက ပြောပါတယ်။

အလားတူလုပ်ဆောင်မှုတွေကို  ထိုင်း၊ လာအိုနဲ့ မဟာမဲခေါင်ဒေသခွဲတွေက ကျားမှောင်ခိုတင်ပို့တဲ့ လုပ်ငန်းမှာရော တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ကာ ကျားမှောင်ခိုတင်ပို့မှုတွေမှာပါ  အဖွဲ့တဖွဲ့တည်းက ကြီးကြီးမားမား  ပတ်သက်နေတယ်လို့  အဲဒီအစီရင်ခံမှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံက ကျားမွေးမြူရေးလုပ်ငန်းတွေကနေ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်က အုပ်စုဖွဲ့ အစီအစဉ်ချကာကျူးလွန်နေတဲ့ ကျားမှောင်ခို ရာဇဝတ်ဂိုဏ်းတွေဆီကို ကျားတွေ၊ အထူးသဖြင့် ကျားပေါက်လေးတွေ၊ ရောင်းချပေးနေတယ်ဆိုတဲ့ သတင်းတွေရရှိထားကြောင်း WJC က ပြောပါတယ်။ 

ရထားတဲ့သတင်းတွေအရ ကျားပေါက်လေးတွေရဲ့ ဇာတိဒေသကို လိမ်ညာဖို့အတွက် မြန်မာနိုင်ငံမှာ ဆောင်ရွက်ကြတယ်လို့ သိရပါတယ်။ ထိုင်းမှာသားဖောက်ခဲ့တဲ့ ကျားပေါက်လေးတွေကို မြန်မာကို တင်သွင်းလာပြီးတော့မှ သူတို့ရဲ့ဇာတိကိုဖျောက်ဖို့ မြန်မာနိုင်ငံကနေတဆင့် ပြန်လည်တင်ပို့တာတွေရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ 

WJC ရဲ့ အဲဒီအစီရင်ခံစာ စာတမ်းဟာ ၆ နှစ်ကြာအောင် လျှို့ဝှက်စုံစမ်းပြီး ရရှိလာတဲ့ အချက်အလက်တွေကို စုဆောင်းတင်ပြထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို တောရိုင်းတိရစ္ဆာန်တွေ ဖမ်းဆီးမွေးမြူတဲ့နေရာတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အားပေးထောက်ပံ့ဖို့ဆိုတာဟာ   အုပ်စုဖွဲ့ကျူးလွန်နေတဲ့ ကျားမှောင်ခို ရာဇဝတ်ဂိုဏ်းတွေအတွက် ရောင်းအား ဝယ်အား ဆက်လက်တည်တံ့နေဖို့  အပြင်ပန်းလုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ WJC ကပြောပါတယ်။

ဒါဟာ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်စတဲ့ မဟာမဲခေါင်ဒေသခွဲမှာရှိတဲ့ ကျားမွေးမြူတဲ့နေရာတွေဟာ အရှေ့တောင်အာရှဒေသမှာ ကျားတွေဆက်လက်အသက်ရှင်ထိုင်နိုင်ရေးအတွက်  သိသိသာသာခြိမ်းခြောက် နေတယ်ဆိုတာကို ညွှန်ပြနေတယ်လို့ WJC ရဲ့ အစီရင်ခံစာ စာတမ်းမှာ ဖော်ပြထားပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024