မန်ယူကစားသမားဟောင်း ပတ်ဂျီဆန် ဘောလုံးသမားဘ၀က အနားယူ

မန်ယူနဲ့ တောင်ကိုရီးယား လက်ရွေးစင် ကစားသမားဟောင်း ပတ်ဂျီဆန်က ဘောလုံး သမားဘ၀ကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ကွင်းလယ်သမားဟာ တန်းဆင်းသွားရတဲ့ ပရီးမီးယားလိဂ်ကလပ် ကျုပီအာကနေ အသင်းဟောင်း ဟော်လန်ကလပ် ပီအက်စ်ဗွီမှာ အငှားနဲ့ သွားရောက် ကစားရင်း ဒူးဒဏ်ရာကြောင့် အနားယူလိုက်တာ ဖြစ်ပါတယ်။
သူ့ကို မန်ယူနည်းပြဟောင်း ဖာဂူဆန်က ပီအက်စ်ဗွီကနေ ၂၀၀၅ ခုနှစ်မှာ ပေါင် ၄သန်းနဲ့ ခေါ်ယူခဲ့တာပါ။
မန်ယူမှာ ကစားသမားဘ၀မှာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ ၄ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်၊ ဖီဖာကမ္ဘာ့ကလပ် ဖလား ၁ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ပတ်ဂျီဆန်ဟာ အာရှဘောလုံးသမားတွေထဲကနေ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဆုံး ကစားခွင့်ရတဲ့သူလည်း ဖြစ်ပါတယ်။ မန်ယူအတွက် ပွဲပေါင်း ၂၀၅ ပွဲကစားပေးထားပြီး ဂိုးပေါင်း ၂၇ ဂိုး သွင်းပေးထားပါတယ်။ တောင်ကိုရီးယား လက်ရွေးစင် ကစားသမားဘ၀ကို ၂၀၀၀ မှာ စတင်ခဲ့ပြီး ပွဲပေါင်း ၁၀၀ မှာ ၁၃ ဂိုး သွင်းထားပါတယ်။