ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗားရ်ကျေးရွာရဲစခန်းက ရဲအုပ်တဦး နိုဝင်ဘာ ၂၅ ရက် မနက်အစောပိုင်းက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး သတ်သေသွားတယ်လို့ ဒေသခံအမျိုးသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရဲအုပ်ရဲမင်းထွဋ် အသက်က ၃၀ ကျော်လောက်ရှိမယ်။ ဒီနေ့မနက် ၅ နာရီ ဝန်းကျင်လောက်က ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး သတ်သေသွားတာ။”
ရဲအုပ်ရဲမင်းထွဋ် ဘာကြောင့်သတ်သေရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။
ဗားရ်ကျေးရွာဟာ ဖလမ်းမြို့ကနေ ကလေးမြို့ကို လာတဲ့လမ်းမှာရှိပြီး ဖလမ်းမြို့ကနေ ၃ မိုင်ခန့်ဝေးတဲ့ မဏိပူရမြစ်ကိုဖြတ်တဲ့ တံတားဘေးမှာရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
ဖလမ်းမြို့နယ်မှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေကာ စစ်ဘေးရှောင်တွေလည်း အများအပြားရှိနေပြီး အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေးနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။