Home
မြန်မာသတင်း
စစ်တွေ စစ်ဘေးရှောင် ၁ ဦး ညှဉ်းပန်းနှိပ်စက်ခံရ
DVB
·
November 25, 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းက စစ်ဘေးရှောင် အမျိုးသားတယောက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့အတွက် စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

မိသားစုဝင်တဦးက “ပခုံးနဲ့ မျက်နှာကို သေနတ်နဲ့ အထုခံရတဲ့ဒဏ်ရာတွေက များပါတယ်။ စစ်တွေဆေးရုံမှာ ဆေးကုသနေရတယ်။ လူတဦးကို ဟုတ်မဟုတ် မသေချာဘဲ အခုလိုမျိုး နှိပ်စက်ညှဥ်းပန်းခံရတာကတော့ အလွန်စိတ်မကောင်းစရာပါ။ သားသမီးက ၅ ဦး ရှိပါတယ်။ စားသောက်နေရေးတောင် အခက်အခဲပါ။ ဆေးစရိတ်က မတတ်နိုင်ပါ” လို့ ပြောပါတယ်။

စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရလို့ ဆေးကုသမှု ခံယူနေရပြီး အကူအညီ လိုအပ်နေသူမှာ အသက် ၃၂ နှစ်အရွယ် ဦးဌေးနိုင် ဖြစ်ပါတယ်။

သူဟာ နိုဝင်ဘာ ၇ ရက် ညနေပိုင်းက စစ်တွေမြို့ ရှုခင်းသာလမ်းရှိ RV စားသောက်ဆိုင်မှာ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးကို အမည်မသိ လူတချို့က သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်က ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့ရှိ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းကို ဝင်ရောက်ရှာဖွေရင်း မသင်္ကာမှုနဲ့ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဦးဌေးနိုင်ဟာ စစ်ကြောရေးမှာမှာ ၁၃ ရက် နေခဲ့ရပြီး နိုဝင်ဘာ ၂၀ ရက်က ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး စစ်ကြောရေးမှာ မှာနည်းမျိုးစုံနဲ့ နှိပ်စက်ခံရလို့ မျက်နှာနဲ့ လက်မောင်းမှာ သေနတ်ဘောင်နဲ့ ထုခံရတဲ့ ညိုမည်းဒဏ်ရာတွေ ပြင်းထန်စွာ ရရှိထားပါတယ်။ 

သူ့ကို အခုလို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်တွေဟာ နောက်ထပ် ဖမ်းဆီးစစ်ဆေးလာမှာကို စိုးရိမ်ပြီး စစ်ဘေးရှောင်စခန်းမှာ မနေရဲကြတော့ပါဘူး။

စစ်ဘေးရှောင်တဦးက “သူတို့က ဖမ်းချင်တဲ့သူကို ဖမ်းလို့ရတယ်။ လုပ်ချင်သလို လုပ်နေကြတာ။ ဘယ်သူမှလည်း တာဝန်မခံနိုင်ဘူးလေ။ စစ်ချင်တဲ့အချိန် ဝင်စစ်လာနိုင်တယ်။ ဖမ်းချင်ရင် ကြိုက်တဲ့လူကို ဖမ်းမယ်။ အဲ့ဒါကြောင့် အများစုက စိုးရိမ်ပြီး မနေဝံ့ကြတော့ဘူး။”လို့ ပြောပါတယ်။

ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၁၀၇ စု၊ လူဦးရေ ၄၀၀ ကျော်ရှိ​နေပြီး အဲဒီစစ်ဘေးရှောင်တွေဟာ ၂၀၁၈ ခုနှစ်ကတည်းကဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တွေ့ချင်းပြည်နယ် မီးလက်ဝနဲ့ ကျောက်တော်နယ်ကနေ ဘက ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေ  ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024