Live
Home
မြန်မာသတင်း
မြောက်ဦးမြို့တွင် ခမီနှစ်သစ်ကူးပွဲ အကျဉ်းရုံးကျင်းပ
DVB
·
November 24, 2022

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် တခုဖြစ်တဲ့ ခမီလူမျိုးတို့ရဲ့ ၆ ကြိမ်မြောက် နှစ်သစ်ကူးပွဲ အခမ်းအနားကို မြောက်ဦးမြို့ မြို့တော်ခန်းမမှာ နိုဝင်ဘာ ၂၃ ရက် မနက်က ပထမဆုံးအကြိမ် အကျဉ်းရုံးကျင်းပခဲ့ပါတယ်။

 ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူလည်းဖြစ်၊ ခမီစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးလေကျော်အောင်က “ကျနော်တို့က ​အစကတည်းက မြောက်ဦးမှာကျင်းပဖို့ ပြည်နယ်အစိုးရကို ခွင့်ပြုချက် တင်ထားတာ။ ခွင့်ပြုချက်မရရင် စစ်တွေမှာ ကျင်းပမယ်ဆိုပြီး စစ်တွေကို ကျနော်ကိုယ်တိုင် ဆင်းလာပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ သွားတွေ့တယ်။ အစိုးရအဖွဲ့က မြောက်ဦးမှာပဲ လုပ်ပါဆိုပြီး ထောက်ပံ့ငွေတွေပါပေးပြီး တရားဝင်ခွင့်ပြုလိုက်လို့ မြောက်ဦးမှာ ပထမဆုံးအကြိမ် အကျဥ်းရုံး ကျင်းပခဲ့ကြရတယ်။”လို့ပြောပါတယ်။

စိတ်သစ်၊ အတွေးသစ်တွေနဲ့ အဖျားရောဂါတွေ ကင်းဝေးပြီး ဘေးအန္တရာယ် မကျရောက်နိုင်စေဖို့နဲ့ မိသားစုတခုလုံး တရွာလုံး၊ တမျိုးသားလုံး ရှေးယခင် ဘိုးဘွားဘီဘင် လက်ထက်ကတည်းက အခုလိုမျိုး အစဥ်အလာမပျက် ကျင်းပရတာလို့ ခမီတိုင်းရင်းသားလူကြီးတဦးက ​ပြောပါတယ်။

မြောက်ဦးမြို့မှာကျင်းပတဲ့ ခမီ နှစ်သစ်ကူးပွဲ အခမ်းအနားမှာ ရခိုင်နဲ့ ခမီလူမျိုးစုတွေရဲ့ ရိုးရာအကတွေနဲ့ ဖြေဖျော်ခဲ့ကြပြီး ဌာနဆိုင်ရာတွေ အပါအဝင် လူဦးရေ ၂၀၀ ခန့်သာ တက်ရောက်ခဲ့ကြပါတယ်။

အရင်နှစ်တွေက ကျင်းပခဲ့ကြတဲ့ ခမီနှစ်သစ်ကူးနေ့မှာ ရခိုင်မျိုးနွယ်စုဝင်တွေ ဖြစ်ကြတဲ့ မရာမာကြီး၊ သက္ကမ၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားတွေအပြင် ချင်းတိုင်းရင်းသား စာပေနှင့် ယဥ်ကျေးမှုအဖွဲ့ပါ တက်ရောက်နိုင်ခဲ့ကာ စည်ကားစွာ ကျင်းပနိုင်ခဲ့ပြီး အခုနှစ်မှာတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးအခြေအနေအရ တက်ရောက်နိုင်ခြင်းမရှိကြဘူးလို့ ဦးလေကျော်အောင်က ဆိုပါတယ်။

နတ်တော်လဆန်း ၁ ရက်မှာ ကျရောက်တဲ့ ခမီနှစ်သစ်ကူးနေ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကို ဘူးသီးတောင်မြို့နယ် လောင်းချောင်းကျေးရွာမှာ ကျင်းပခဲ့ပြီး တတိယအကြိမ်ကို ပုဏ္ဏားကျွန်းမြို့နယ် ကျင်းပခဲ့ကြပါတယ်။

စတုတ္ထအကြိမ်ကို ကိုဗစ်ကာလကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ပဥ္စမအကြိမ်မြောက်ကိုတော့ စစ်တွေမြို့မှာ ပြုလုပ်ခဲ့ပြီး အခုနှစ်မှာတော့ မြောက်ဦးမြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်တာ ဖြစ်ပါတယ်။

ခမီလူမျိုးတွေဟာ ရခိုင်ပြည်နယ်အတွင်း မြောက်ဦးအပါအဝင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ နေထိုင်ကြပြီး တပြည်လုံးမှာ လူဦးရေ ၁ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024