
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာ ကျေးရွာအနီးရှိ သဲတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပူးပေါင်းမဟာမိတ်အဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမောဆိုက ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ပွဲကို နိုဝင်ဘာ ၂၃ ရက် မနက် ၈ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၄၅ မိနစ်အတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ-၃ နဲ့ DMO အမှတ် ၁၁၀၆ တပ်ရင်းရှိ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ၊ အတွဲလိုက် စက်သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ အထိအခိုက်မရှိ ပြည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။