Home
မြန်မာသတင်း
မကွေးတိုင်းတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်တပ်က ရွာသားများကိုဖမ်းဆီး၊ နေအိမ်များအား မီးရှို့ဖျက်ဆီး
DVB
·
November 24, 2022

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေမှာ နိုဝင်ဘာ ၂၃ ရက်က စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူများပြားကာ စစ်ကောင်စီတပ်က ကျေးရွာ ၃ ရွာရှိ နေအိမ် ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ မြိုင် ပ.က.ဖနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

စသိန်းကျေးရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကြောင်းဟာ မနေ့ မနက် ၈ နာရီခွဲလောက်မှာ ညောင်ရင်းကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၆ လုံးကို မီးရှို့ပြီးတဲ့အချိန်မှာ နေအိမ်ထဲတွေမှာ ထောင်ထားတဲ့ မိုင်း ၆ လုံးနဲ့ စတင်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပ.က.ဖ တပ်ရင်း ( ၁) တပ်မှူး ဗိုလ်လက်ယာက  ပြောပါတယ်။

“မီးရှို့ပြီး ပြန်ထွက်လာတော့လည်း နင်းမိုင်းမိပြီး စစ်(...)တယောက် လဲကျသွားကာ ဒဏ်ရာရရှိသူတွေရှိပြီး လဲကျသွားတဲ့သူကိုတော့ ကားပေါ်ဆွဲတင်သွားပြီး နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်(...)တွေက ရွာမြောက်ဘက်ကို ထွက်လာတော့ အသင့်စောင်နေတဲ့ ရဲဘော်တွေနဲ့ ၁ နာရီနီးပါးလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ တိုက်ပွဲအတွင်းမှာ စစ်(...) ၄ ယောက် လဲကျသွားတာ လှမ်းမြင်ရပြီး ကျန်တဲ့(...)တွေလည်း ဒဏ်ရာရပြီး ထွက်ပြေးကြတယ်။ မနေ့က မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့အထဲမှာ ကားတစီး ပက်လက်လန်သွားပြီး ထိခိုက်ဒဏ်ရာရသူ များပြားနိုင်တယ်။”

ဒါ့အပြင် မြိုင်မြို့နယ် ဗဟင်းရဲစခန်းနဲ့ ဗဟင်းရွာကို မီးရှို့ပြီး စခန်းစွန့်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မနေ့ နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်လောက်က ကြောင်ကန်ရွာနားမှာ ရဲမိသားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ကားတစီး ထွက်သွားပြီး နောက်ကားတစီးပေါ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တက်ဖို့လုပ်တဲ့အချိန်မှာ ပေပါမိုင်း ၂ လုံးနဲ့ တိုက်ခိုက်လိုက်လို့ စစ်သားတွေသေပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကြောင်ကံကျေးရွာက နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ည ၁၂ နာရီလောက်မှာ မြိုင်မြို့မရဲစခန်းရှေ့မှာ တားထားတဲ့ ဘယ်ရီဂိတ်တွေကို ဝင်တိုက်ပြီး စခန်းထဲကို ဝင်သွားကြတယ်လို့ ပြောပါတယ်။

ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေမှာ နိုဝင်ဘာ ၁၉ ရက်ကနေ ဒီနေ့ ၂၄ ရက်နေ့အထိ မီးဘေးသင့် စစ်ဘေးရှောင်အရေအတွက် ၇,၀၀၀ လောက်ရှိနေပြီး မြိုင် ပ.က.ဖ အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသထွက် ချဉ်ပေါင်ကြော်၊ ဝက်သားဟင်းတွေနဲ့ ဆန်အိတ် ၁၀၀ လောက် ထောက်ပံ့ကူညီထားတယ်လို့ ဆိုပါတယ်။

စသိန်းကျေးရွာ ဒေသခံတယောက်က “ကျနော်တို့ စသိန်းကျေးရွာကို နိုဝင်ဘာ ၂၂ ရက်နေ့ ညမှာ စစ်ကောင်စီစစ်ကြောင်းက ကျွန်းတိုင်းရွာဘက်ကနေ စစ်ကြောင်းထိုးလာပြီး ရွာတောင်ဘက်ထိပ်ကနေ တညလုံး ပတ်ချာလည် မီးရှို့ဖျက်ဆီးခဲ့လို့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းကျတော့ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိတဲ့အနက် အိမ် ၃၀ လောက်သာ ကျန်တော့လို့ နေအိမ် ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်” လို့ ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ရွာထဲကို စစ်ကြောင်းမဝင်ခင် ပြည်သူတွေကို ကယ်ထုတ်ပေးပြီး ရိက္ခာတွေကို နိုင်သလောက်သယ်ဖို့ ပြောတဲ့အတွက် လှည်းတွေနဲ့ တနိုင်တော့ သယ်ယူလာနိုင်ခဲ့ပြီး ရွာထဲမှာရှိတဲ့ စားနပ်ရိက္ခာအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ ရိက္ခာပြတ်သလောက်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဆက်လက်ပြီး အဲ့ဒီဒေသခံက “သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေကတော့ တောထဲတွေမှာ ​မိုးကာတဲတွေထိုးပြီး ဖြစ်သလို နေနေကြရတယ်။ ရွာထဲမှာလည်း အသက် ၇၀ လောက်ရှိမယ့် အဘိုးအိုတယောက်နဲ့ အဘွားအိုတယောက် မပြေးနိုင်လို့ ကျန်နေခဲ့ပြီး ပျောက်ဆုံးနေကာ သူတို့နေထိုင်ခဲ့တဲ့ အိမ်တွေက မီးလောင်ကျွမ်းသွားပြီဆိုတော့ မီးထဲကိုပါသွားပြီလို့ ယူဆရတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းပြီးသွားရင်တောင် ပြန်စရာအိမ်မရှိတော့သလို ဘာမှမရှိတော့လို့ နေရေးထိုင်ရေး အခက်အခဲဖြစ်နေကြပြီး စားနပ်ရိက္ခာတွေ အရေးပေါ်အကူအညီ လိုအပ်နေလို့ မိဘပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်သရွေ့ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

“စစ်ကောင်စီရဲ့ လူမဆန်တဲ့ ယုတ်မာမှုတွေကြောင့် ကျနော်တို့ ဒုက္ခရောက်ရင်လည်း ရောက်ပါစေ၊ နယ်မြေအသီးသီးမှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ အားမလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်ပေးကြဖို့ တောင်းဆိုချင်တယ်” လို့ စသိန်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အတွင်းမှာ နိုဝင်ဘာ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်အတွင်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ မြိုင်မြို့နယ် ဗဟင်းကျေးရွာက နေအိမ် ၇၀ ခန့်၊ ပေါက်မြို့နယ် ကျွန်းတိုင်းရွာက အိမ်ခြေ ၂၃၀ ကျော်ခန့်၊ စသိန်းကျေးရွာက အိမ်ခြေ ၃၀၀ ကျော်ခန့်၊ ဂွေးဂုဏ်ရွာက နေအိမ် ၆ လုံးခန့်၊ ညောင်ရင်းကျေးရွာက နေအိမ် ၆ လုံးခန့်နဲ့ ကြောင်ကန်ကျေးရွာက နေအိမ် ၁၂ လုံးခန့် စုစုပေါင်း အိမ်ခြေ ၆၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဝါးရင်းချိုင်ရွာက ဒေသခံအမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာက လူနေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက် ဒီနေ့မနက်ပိုင်းက ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး‌ ဒေသခံအမျိုးသား ၃ ဦးဟာ ကျေးရွာကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်စဉ် ကျေးရွာတွင်းမှာ ပိတ်မိပြီး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

အဆိုပါ ဝါးရင်းချိုင်ကျေးရွာမှာ လူနေအိမ် ၄၀ ဝန်းကျင်ရှိပြီး ဒေသခံ ၂၀၀ ဝန်းကျင် နေထိုင်တယ်လို့ သိရပါတယ်။

လက်ရှိစစ်ကြောင်းဟာ ကျေးရွာတွင်းက ထွက်ခွာသွားပြီဖြစ်ပြီး ဒေသခံတွေကတော့ ကျေးရွာတွင်းကို ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တွေကို မီးငြိှမ်းသတ်နေကြရတယ်လို့ ထီးလင်းဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကလည်း ကျားခဲကျေးရွာက ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၂၀၀ လောက် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီက ထီးလင်းမြို့နယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024