ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ နိုဝင်ဘာ ၂၄ ရက် မနက်က လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့လို့ ဝန်ထမ်းတယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထွေအုပ်ရုံးနဲ့ နီးစပ်သူတဦးက “နေ့လယ် ၁၂ နာရီမထိုးခင်ဖြစ်တာ။ ဘယ်ကပစ်လိုက်မှန်း မသိတဲ့ ၆၀ မမ လက်နက်ကြီးကျည် ကျလာတာ။ ဝန်ထမ်းအမျိုးသားတဦးသေပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရတယ်။ ဘယ်အဖွဲ့ကပစ်လဲတော့ တိတိကျကျ မသိရသေးဘူး” လို့ ပြောပါတယ်။
လက်နက်ကြီးကျည်ထိမှန်ပြီး ထွေအုပ်ရုံးရဲ့ ရုံးအဆောက်အဦမှန်နဲ့ မျက်နှာကြက်တွေ ပျက်စီးခဲ့ကာ ဒဏ်ရာရသွားတဲ့ အမျိုးသားဝန်ထမ်းကတော့ ဒဏ်ရာပြင်းထန်ပေမဲ့ အမျိုးသမီးဝန်ထမ်းရဲ့ ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
လက်နက်ကြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်း လမ်းဆုံတွေနဲ့ မြို့ပြင် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးအင်အား အများအပြားနဲ့ စစ်ဆေးရှာဖွေနေပါတယ်။