DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်တွင် လိမ်ညာဖြားယောင်းအလုပ်ခေါ်မှုများအတွက် ဖိလစ်ပိုင် သတိပေး
DVB
·
November 24, 2022
မြန်မာနယ်စပ်တွင် လိမ်ညာဖြားယောင်းအလုပ်ခေါ်မှုများအတွက် ဖိလစ်ပိုင် သတိပေး
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်မှာ Bitcoin အွန်လိုင်းငွေကြေးလုပ်ငန်းအယောင်ပြပြီး  အင်တာနက်ကနေ ဝန်ထမ်းတွေကို ဖြားယောင်ခေါ်ယူ အဓမ္မခိုင်းစေကာ လူကုန်ကူးမှုတွေရှိနေတဲ့ အကြောင်း ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားရေးရာဌာနက နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန် သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကာလတို အလုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေခေါ်နေတဲ့ အလုပ်တွေဟာ လက်တွေ့မှာ အဓမ္မခိုင်းစေနေတဲ့ အလုပ်တွေဖြစ်ပြီး အဲဒီနေရာဟာ လူကုန်ကူးတဲ့ အချက်အချာနေရာသာဖြစ်တယ်လို့ ရွှေ့ပြောင်းလုပ်သားရေးရာဌာန အတွင်းရေးမှူး ဆူဆန်အိုပယ်ရဲ့ သတိပေးပြောဆိုချက်ကို ကိုးကားပြီး ဖိလစ်ပိုင်အခြေစိုက် အင်ကွာရာ သတင်းမှာ ဖော်ပြပါတယ်။ 

တရုတ်နိုင်ငံသားတွေ ဦးဆောင်ပြီး မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ မြန်မာနိုင်ငံပိုင်နက်ထဲ အခြေစိုက်လှုပ်ရှားနေတဲ့ Call Center အမည်ခံ အလုပ်ထဲမှာ ခိုင်းစေခံခဲ့ရသူတွေနဲ့ တွေ့ဆုံပြီးနောက်မှာ အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သူတို့ကို ကွန်ပျူတာအချက်အလက်ပြုစုထိန်းသိမ်းသူ၊ ဖောက်သည်ဝန်ဆောင်မှုပေးသူ၊ နည်းပညာပိုင်းဆိုင်ရာအကူအညီပေးသူအစရှိတဲ့ လုပ်ငန်းခေါင်းစဉ်တွေနဲ့ ထိုင်းနိုင်ငံမှာ တစ်လလျှင် ဖိလစ်ပိုင်ပီဆိုငွေ ၄၀၀၀၀ (အမေရိကန်ဒေါ်လာ ၇၀၀ ခန့်) ရမယ်ဆိုကာ ဖေ့စ်ဘွတ်ခ်ကနေတဆင့် ဆက်သွယ်ခေါ်ယူခဲ့တာဖြစ်တယ်လို့ လိမ်လည်ခေါ်ယူခိုင်းစေခံခဲ့ရသူတွေက ပြောပါတယ်။

နောက်ဆုံးမှာတော့ သူတို့ဟာ ခြေကျင်တစ်သွယ်၊ ကားတစ်သွယ်နဲ့ ရှစ်နာရီကြာအောင် သွားခဲ့ရတဲ့ မြန်မာနယ်စွန်နယ်ဖျားက Techno Park) ကို ပို့ဆောင်ခံခဲ့ကြရပါတယ်။ အဲဒီနောက် သူတို့ကို လေးဘက်လေးတန်ကာရံထားတဲ့ အလုပ်ခန်းထဲမှာ တရုတ်လိုရေးထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း Google Translate နဲ့ ဘာသာပြန်ပြီး လိုက်လုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကြင်ဖော်ရှာတဲ့ website တွေ၊ application တွေနဲ့ လူမှုကွန်ရက်တွေကိုအသုံးပြုပြီး bitcoin ဝယ်ယူရင်းနှီးမြှုပ်နှံဖို့ အလားအလာရှိသူတွေကို ရှာဖွေကာ ချစ်သူရည်းစား ဆက်ဆံရေး ရရှိအောင်လုပ်ဖို့ သူတို့ကိုခိုင်းစေခဲ့တယ်လို့ အဓမ္မခိုင်းစေခံခဲ့ရသူတွေကပြောပါတယ်။

ဖိလစ်ပိုင် လွှတ်တော်အမတ် ရီဆာဟွန်တီဗာရိုစ်ရဲ့ ရုံးအဖွဲ့၊ ဖိလစ်ပိုင်ရွှေ့ပြောင်းလုပ်သားရေးရာဌာနရုံးအဖွဲ့နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရုံးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကာ လူကုန်ကူးခံခဲ့ရသူ ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီးနောက်မှာ လူကုန်ကူးလုပ်ငန်းအကြောင်းကို သိရှိခဲ့ကြတာဖြစ်ပါတယ်။

လူကုန်ကူးခံခဲ့ရသူတွေထဲက တစ်ယောက်နဲ့ လွှတ်တော်အမတ်ရီဆာရဲ့ ရုံးကဝန်ထမ်းတစ်ယောက် အဆက်အသွယ်ရရှိခဲ့ပြီးနောက်မှာအခုလို ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကယ်တင်ခံထားရတဲ့ ၁၂ ဦးကို ညတွင်းချင်း လိုအပ်တဲ့အကူအညီတွေပေးဖို့နဲ့ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာကနေတဆင့် သူတို့နေရပ်ကို ပြန်လည်ပို့ဆောင်ဖို့အတွက် ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားရေးရာဌာနရဲ့ လက်အောက်ခံ နိုင်ငံခြားလုပ်သားရေးရာစီမံခန့်ခွဲရေးရုံးကို ဌာနရဲ့ အတွင်းရေးမှူး အိုပယ်က လမ်းညွှန်ချက်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူကုန်ကူးခံရမှုကနေ ပြန်လည်ကယ်တင်နိုင်ခဲ့တဲ့ ၁၂ ဦးလုံးကို ရွှေ့ပြောင်းလုပ်သာရေးရာဌာနက ဖိလစ်ပိုင် ပီဆိုငွေ ၁၀,၀၀၀ စီထောက်ပံ့ပေးထားတယ်လို့ ဖိလစ်ပိုင်အခြေစိုက် အင်ကွာရာ သတင်းမှာ ဖော်ပြထားပါတယ်။

Ref- Inquirer.net

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013