DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်တပ်၊ ရဲနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
November 24, 2022
စစ်ကိုင်းတွင် စစ်တပ်၊ ရဲနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့ မုံရွာမြို့နယ်တွေမှာ နိုဝင်ဘာ ၂၃ ရက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဝက်လက်မြို့နယ်မှာ နိုဝင်ဘာ ၂၃ ရက် မနက် ၁၀ နာရီခွဲလောက်က လှတောကျေးရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ပြင်းအားမြင့် မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Black Wolf - PDF တာဝန်ရှိသူက ပြောပါတယ်။

“သုံးခဲ့တဲ့မိုင်းက အထူးထုတ်လုပ်ထားတဲ့ မိုင်းပါ။ ပေါက်ကွဲအားပြင်းတယ်။ သူတို့ အင်အား ၁၀ ကောင်လောက်က လှတောရွာကနေ ထွက်အလာမှာ အသင့်ရှိတဲ့မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ ၂ ကောင်သေတယ်။ ကျန်တဲ့ ဒဏ်ရာရသွားတဲ့ကောင်တွေလည်း ရှိတယ်။”

အဲ့ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ Black Wolf - PDF အဖွဲ့က ရဲဘော် ၄ ဦးအတွက် လက်တုံ့ပြန်တာလို့ ဆိုပါတယ်။

မုံရွာမြို့နယ် တောပုကျေးရွာအဝင် လမ်းပိုင်းမှာ နိုဝင်ဘာ ၂၃ ရက် ညနေ ၃ နာရီခွဲလောက်က စစ်ကောင်စီတပ် လက်အောက်ရှိ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့တွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Brave Heart Army (BHA) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပျူ ၆ ယောက်က သူတို့ရဲ့ တောပုပျူရွာကနေ ထွက်လာတာကို ရွာအဝင်လမ်းပိုင်း မိုင်းကွင်းထဲ ရောက်လာချိန်မှာ အသင့်ထောင်ထားတဲ့ မိုင်း ၂ လုံးသုံးပြီး ဖောက်ခွဲခဲ့တာ။ သေတဲ့ ၂ ကောင်ကတော့ လေထဲဝဲသွားတယ်။ အဲဒီမှာတင် ပွဲချင်းပြီးသေတာ။”

မိုင်းပေါက်ကွဲပြီးနောက် ကျန်တဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်ငယ်တွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့ပေမဲ့ ‌ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်တစုံတရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီလောက်ကလည်း ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လိုက်ပါလာတဲ့ Crown အမျိုးအစား ကားတစီးကို မုံရွာမြို့ကနေအပြန်မှာ ဒေသကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ကားမှာ ဘီးတွေပွင့်ထွက် ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါလာတဲ့ ၃ ဦးလုံး ဒဏ်ရာအသီးသီး ရရှိသွားရာမှာ ၁ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းဝင်ရောက်တာတွေနဲ့ နေအိမ်မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

အလားတူ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရဲစခန်းကို နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီလောက်က အမည်မသိ ပြည်သူ့တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ရဲ ၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း များပြားတယ်လို့ စိုင်ပြင်‌မြို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတဦးက “ပထမက ရဲစခန်းကို လာပစ်တယ်။ အဲဒီလို ပစ်တဲ့သူ‌တွေက ရဲစခန်းတောင်ဘက်ကို ထွက်ပြေးသွားတယ်။ အဲဒီပြေးတဲ့နောက်ကို ရဲစခန်းထဲက ရဲတွေက လက်နက်ကိုင်ပြီး လိုက်ပစ်တယ်။ ဟိုဘက်က အသင့်စောင့်နေတဲ့ PDF တွေက ပြန်ပစ်တာ အုံးအုံးချင်းကို ဆက်နေတာပဲ။ တိုက်ပွဲက မကြာလိုက်ဘူးဗျ။ ဟိုဘက် PDF အဖွဲ့က ပစ်ပစ်ဆုတ်ဆုတ် ပစ်သွားတယ်။ ဟိုဘက်က မျှားခေါ်သွားတာကို မသိဘဲ လိုက်သွားတော့ ရခတွေ အငိုက်မိသွားတယ်။ သေတာကတော့ ၅ ဦး သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်ဗျ။ အယောက်ရေ အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုအတွင်း ရဲ ၅ ဦးနဲ့ ဒဏ်ရာရရှိသူများတယ် ဆိုတာကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း စိုင်ပြင်မြို့ ရဲစခန်းကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာပဲ ကလေးမြို့မြောက်ဘက် ၅ မိုင်ကျော်လောက်အကွာမှာရှိတဲ့ ရေဆန်ကျွန်းဘုရားပေါ်၊‌ ရှေ့မျက်နှာဘုရားအနီးမှာ ဗုံးတလုံးထောင်ထားတာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်က ရေဆန်ကျွန်းဘုရားပေါ်မှာ အဆိုပါဗုံး ထောင်ထားကို ဒေသခံတဦးက တွေ့ရှိခဲ့တာကြောင့် ရေဆန်ကျွန်းဘုရား တောင်ခြေရင်းရှိ‌ ကျီကုန်းကျေးရွာက စစ်‌ကောင်စီ လက်အောက်ခံ စစ်ဗိုလ်ထွက် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်ဆီ သွားရောက် အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ကျီကုန်းကျေးရွာဥက္ကဋ္ဌ ဦးငြိမ်းချမ်းအောင်က ကျေးရွာအနီးက စစ်တပ်‌တွေကို သွားရောက်တိုင်ကြားကာ အကူအညီ တောင်းခံခဲ့တာ‌ကြောင့် ဗုံးထောင်ထားတဲ့နေရာကို စစ်ကား ၂ စီး၊ စစ်ကောင်စီတပ်သား အင်အားအများအပြားနဲ့ လာရောက်စစ်ဆေး ရှာဖွေခဲ့တယ်လို့ ‌ကျီကုန်းရွာ ဒေသခံတွေက ပြောပါတယ်။

အဲဒီဗုံးကို စစ်ကောင်စီတပ်သားတွေက ကြည့်ရှုစစ်ဆေးပြီး နောက်မှာတော့ ဖယ်ရှားလို့ မရတာကြောင့် ဗုံးကို ဖောက်ခွဲခဲ့ရတယ်လို့ ဆိုပါတယ်။ ဗုံးဖောက်ခွဲခဲ့တဲ့နေရာအနီးရှိ မြေသားတွေ ထိခိုက်ပျက်စီးသွား‌ပေမဲ့ ကြီးမားတဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတော့ မရှိဘူးလို့ ပြောကြပါတယ်။

အဆိုပါ ဗုံးထောင်ခံထားရတဲ့ ရေဆန်ကျွန်းဘုရား အနီးပတ်ဝန်းကျင်ဟာ စစ်ကောင်စီတပ်သားတွေ နယ်မြေစိုးမိုးနေတဲ့နေရာဖြစ်ပြီး ဗုံးထောင်တာကိုတော့ ဘယ်အဖွဲ့အစည်းက ထောင်ထားခဲ့လဲဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်‌သေးသလို ဒေသခံ ကာကွယ်ရေးတပ်တွေဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဘယ်အဖွဲ့အစည်းမဆို ဘုရားပေါ်မှာ ဗုံးထောင်တဲ့လုပ်ရပ် မလုပ်သင့်ကြောင်း၊ ရေဆန်ကျွန်းဘုရားကို လာရောက်ဖူးမြော်လည်ပတ်ကြတဲ့ ဘုရားဖူးသူတွေကို ထိခိုက်နိုင်တယ်ဆိုတာ သိထားသင့်ကြောင်း၊ ဗုံးထောင်ခဲ့တဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။

ကလေးမြို့၊ ရေဆန်းကျွန်းဘုရားဟာ စစ်တပ်အာဏာမသိမ်းခင်ကာလကတော့ အနီးအနားက ဒေသခံတွေနဲ့ မြို့နေပြည်သူတွေ အများအပြား ဘုရားဖူးလည်ပတ်ကြပြီး စစ်အာဏာ သိမ်းပြီးတဲ့ နောက်မှာတော့ လည်ပတ်သူတွေ လျော့နည်းလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013