DVB Logo
Home
မြန်မာသတင်း
၁ နှစ်ခွဲကျော်အတွင်း စစ်တပ်က ပြည်သူ ၂၅၃၀ ကျော်ကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူပေါင်း ၁၆၄၀၀ ကျော်ထိရှိလာ
DVB
·
November 24, 2022
၁ နှစ်ခွဲကျော်အတွင်း စစ်တပ်က ပြည်သူ ၂၅၃၀ ကျော်ကို သတ်ဖြတ်၊ ဖမ်းဆီးခံရသူပေါင်း ၁၆၄၀၀ ကျော်ထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၅၃၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၄၀၃ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၉၇၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၀၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၀၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ မူလတန်းပြ ကျောင်းဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို CDM ကျောင်းဆရာ၊ဆရာမတွေကို ငွေကြေး ထောက်ပံ့တယ်လို့ စွပ်စွဲပြီး အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ဟန်နီစုကြည်ဇော်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီဝင်တယောက်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်မှာ တမူးမြို့ စော်ဘွား ၆ ရပ်ကွက်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းက ဝင်ရောက် စီးနင်းကာ မီးရှို့ခဲ့တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးခဲ့ တယ်လို့ သိရပါတယ်။ သေဆုံးခဲ့သူတွေထဲက တယောက်ကတော့ အသက် ၈၅ နှစ်အရွယ် မျက်စိမမြင်တဲ့ ဒေါ်ချစ်စုဖြစ်ပြီး မီးလောင် သေဆုံးခဲ့ကာ နောက်တယောက်ကတော့ ဒေသခံ ဦးဆန်းဝင်းဖြစ်ပြီး နိုဝင် ဘာ ၁၉ ရက်က ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်ချိန် အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013