Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် PDF တပ်များ တိုက်ပွဲပြင်းထန်
DVB
·
November 23, 2022

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာနဲ့ ပင်စိမ်းခင်းကျေးရွာကို စစ်ကောင်စီက ဒီနေ့ နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၂ နာရီက MI 35 လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

ပင်စိမ်းခင်းကျေးရွာမှာ စစ်ကောင်စီ မြေပြင်စစ်ကြောင်းနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အထိနာလို့ အခုလို လာရောက်ပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခင်ဦးဒေသခံ ရွာသားတဦးက “မနက်ခင်းက စစ်ကောင်စီနဲ့ PDF‌ ‌တွေ တိုက်ပွဲဖြစ်နေကြတယ်။ နေ့လယ်ရောက်တော့ လေယာဉ်နဲ့ လာပစ်တော့တာပဲ။ လေယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်ဗျ။ ပေါက်ကွဲသံကြီးတွေက ကြောက်စရာကြီးတွေဗျ။ လေယာဉ်က အမိုးပေါ်ကနေ ၁၉ ခေါက်ထက်မနည်း ပတ်ပြီးပစ်တာ။ ဒေသခံတွေ သေသလား၊ ရှင်သလား ဆိုတာကတော့ အခုထိ မသိရသေးဘူး။ တိုက်ပွဲကလည်း မပြီးသေးဘူးဗျ။ လေယာဉ်ကတော့ ပြန်သွားပြီ” လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်ကစတင်ပြီး စစ်ကောင်စီက ရေဦးမြို့နယ်က‌နေ စစ်ကြောင်းထိုး ဝင်ရောက်ကာ ပေါင်းလှည်းကုန်းရွာ၊ လက်ပံကြီးရွာတွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ နေထိုင်စရာ အိမ်တွေမရှိဘဲ ဖြစ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလည်း စစ်ကောင်စီက မြေပြင်စစ်ကြောင်းရော လေယာဉ်‌နဲ့ပါ ပစ်ခတ်တာကြောင့် ကျေးရွာ ၉ ရွာထက်မနည်းက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ်စပ် နှစ်ခုကြား၊ နှောကုန်းရွာအထွက် ဆားကျင်း သုသာန်ကုန်းအနီးမှာ  နိုဝင်ဘာ ၂၂ ရက် မနက် ၁၁ နာရီ‌ကျော်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ကန့်ဘလူမြို့နယ် ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “ဒီကောင်တွေ ကန့်ဘလူမြို့နယ် ချပ်သင်းအထိုင်တပ်ကနေ အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတယ်။ လှဲပွဲရွာဘက်အရောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ထိပ်တိုက်တိုးပြီး ၄၅ မိနစ်လောက် တိုက်ပွဲဖြစ်တယ်။ ကျနော်တို့က နယ်မြေကျွမ်းကျင်မှုနဲ့ လက်ဦးမှုယူပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ စခ ၅ ဦး သေဆုံးတယ်။ ၈ ဦး ဒဏ်ရာပြင်းထန်ရသွားတယ်”လို့ပြောပါတယ်။

နေ့လယ် ၁၂ နာရီခွဲခန့်ကလည်း ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကန့်ဘလူမြို့နယ်၊ ဖိုလ်ကုန်းရွာအနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

“ကျနော်တို့ ပြည်သူကာကွယ်ရေးအဖွဲ့ဘက်က မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်။ စခတွေဘက်က နှစ်ဦးသေဆုံးပြီး ငါးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအတိအကျ သိထားရတယ်။ ထိတွေ့မှုနှစ်ခုစလုံးမှာ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က အကျအဆုံး အထိအခိုက် တဦးမှ မရှိခဲ့ဘူး” လို့ ကန့်ဘလူမြို့နယ် ဒေသခံက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ စစ်ကြောင်းထိုးတာကို ရပ်တန့်မသွားဘဲ ဒီနေ့ မနက် ၈ နာရီမှာ ကန့်ဘလူမြို့နယ်၊ ဖိုလ်ကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်မှာတော့ မာလဲတောကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ စခန်းရှိရာ နေရာတွေကို နိုဝင်ဘာ ၂၂ ရက်က ဒရုန်းတွေနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတော်လှန်ရေးအဖွဲ့က ပြောပါတယ်။

မာလဲတောကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့တွေကို စစ်သင်တန်းပေးတာတွေနဲ့ လက်နက်တပ်ဆင်ပေးတာတွေ ပြုလုပ်နေပြီး သူတို့စ ခန်းအထိုင်ချရာ နေရာတွေကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒရုန်း ၅ စင်းနဲ့ ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တာလို့ မြင်းမူမြို့နယ် တော်လှန်ရေးအဖွဲ့ MyinMu Revolution Force (MMRF) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒရုန်း ၅ စင်းနဲ့ ဗုံးကြဲခဲ့တာပါ။ ပစ်မှတ်တွေကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်။ အဲ့ဒီပျူတွေကလည်း မြင်းမူမြို့နယ်မှာ စစ်ကြောင်းထိုး ရွာမီးရှို့ရင် စကစတပ်နဲ့အတူ အမြဲတွဲပြီး လိုက်ပါလေ့ရှိတဲ့ ပျူတွေပါ။”

တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေ အသေအပျောက် ရှိနိုင်ပေမဲ့ ထိခိုက်မှုအခြေအနေ အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Myinmu Revolution Force (MMRF)၊ AMA PDF၊ Pentagram ငါးထောင့်ကြယ်အဖွဲ့၊ KDDF (ကျောက်ဆည်)၊ Phoenix SSG၊ SDRA၊ Zero Power (စစ်ကိုင်းတိုင်း)၊ စစ်ကိုင်းခရိုင်တပ်ရင်း-၆ တပ်ခွဲ-၁၊ နယ်စည်းမခြားစစ်ကိုင်းသား၊ စစ်ကိုင်းမြို့နယ် ပကဖ (ဒရုန်းတပ်ဖွဲ့) စတဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက် မနက်ကလည်း မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ခြေလျင်စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ မိုးတားတိုက်နယ်မှာလည်း နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မိုးတားတိုက်နယ် သံပရာကုန်းနဲ့ မြေနီကျေးရွာကြားရှိ ဧရာဝတီမြစ်ကမ်းပါးမှာ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း သွားလာနေချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ပြင် RPG နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မိုးတား PDF က ပြောပါတယ်။

“သူတို့က မိုင်းဆွဲခံရမှာကြောက်လို့ ကမ်းပါးဘေး ကပ်သွားကြတာ။ သူတို့အကြောင်းသိလို့ စောင့်တိုက်တာပါ။ အလောင်းတွေကို ကသာဘက်ကနေ ရေယာဉ်တွေနဲ့ လာသယ်သွားကြတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း အများကြီးတွေ့ရတယ်။ အသေအပျောက် အသေးစိတ်ကိုတော့ မသိရသေးဘူး။”

တိုက်ပွဲတွင်း RPG ၉ ချက်၊ ဆွဲမိုင်း ၈ လုံး၊ ၇၉ မမ တို့နဲ့   ခလရ ၇၇ စစ်ကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေ့လယ် ၁၂ နာရီလောက်မှာတော့ မင်းလည်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်ကလည်း ကသာခရိုင် မိုးတားတိုက်နယ်ရှိ ဧရာဝတီ မြစ်ကမ်းဘေးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် မြစ်ကမ်းပါးပြိုကျပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ အကျအဆုံးကို ထုတ်ဖော်ပြောဆိုလေ့ မရှိသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024