
စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ ကော်ဘရာစစ်ကြောင်းရဲ့ ယာဉ်တစီးကို နိုဝင်ဘာ ၂၂ ရက်မှာ စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကော်ဘရာစစ်ကြောင်းက အမျိုးသမီးရဲမေ ၂ ယောက် အပါအဝင် ၄ ယောက်ကျဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ သတင်းရင်းမြစ်ဆီက သိရပါတယ်။
မနေ့က မြဝတီမြို့နယ်က ရှေ့တန်းတနေရာကနေ ရဲဘော်ရဲမေတွေဟာ ရိက္ခာသွားယူရင်း အပြန်လမ်းမှာ စစ်ကောင်စီတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာလို့ ကော်ပရာစစ်ကြောင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“သူတို့မနေ့က ပစ္စည်းတွေ၊ စားစရာတွေ လာယူပြီး ပြန်တက်တဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဖွဲ့ ဘယ်ကနေမှန်းမသိ ပေါ်လာပြီး တိုက်ခိုက်တာ။ သူတို့ကားပေါ်ကနေ ပစ်လို့ ထိသွားကြတာပေါ့။ အဲမှာ သတိတချက်လစ်သွားတာ။”
ဒီလိုတိုက်ခိုက်ခံရလို့ ရဲမေ ၂ ယောက်နဲ့ ရဲဘော် ၂ ယောက် ပွဲချင်းပြီး ကျဆုံးခဲ့ရပြီး ၄ ယောက် ထိခိုက်ခဲ့တယ်လို့ နောက်ထပ် အမည်ဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“ပွဲချင်းပြီး ၄ ယောက် ကျသွားတယ်။ အမျိုးသမီး ၂ ဦး အမျိုးသား ၂ ဦး။ နောက် ၄ ဦး ဒဏ်ရာရတယ်။ သူတို့ကို နောက်ကတပ်ဖွဲ့တွေ သွားပြန်ကူနိုင်ပြီး ဆေးရုံပြန်ပို့ပေးတယ်။ သေဆုံးသွားတဲ့ အမျိုးသမီး ရဲဘော် ၂ ဦးထဲက တဦးက ကိုယ်ဝန်လွယ်ထားတယ်။”
သေဆုံးသွားတဲ့ အမျိုးသမီးရဲဘော်နှစ်ယောက်ကတော့ အယ်မူးနဲ့ နော်ထီးမူဖောတို့ ဖြစ်တယ်လို့ သိရပြီး နော်ထီးမူဖော်ဟာ မကြာသေးခင်ကမှာ အိမ်ထောင်ပြုထားပြီး ကိုယ်ဝန်လွယ်ထားရသူလို့ သိရပါတယ်။
ဒါ့အပြင် ဒဏ်ရာရသူ ၄ ယောက်ထဲမှာ အမျိုးသမီး ၂ ဦးပါဝင်တယ်လို့ ကော်ဘရာစစ်ကြောင်း ရဲဘော်ဆီက သိရပါတယ်။
ဒီလို တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နေရာ အနီးနားတဝိုက်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ကော်ဘရာစစ်ကြောင်းဟာ ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေ ကားလမ်းမပေါ်ရှိ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။