DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဩဇာခံအဖွဲ့ကို အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစည်းအဝေး တက်ခွင့်ပြုသည့်အပေါ် ရှုတ်ချ
DVB
·
November 23, 2022
စစ်ကောင်စီဩဇာခံအဖွဲ့ကို အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစည်းအဝေး တက်ခွင့်ပြုသည့်အပေါ် ရှုတ်ချ
Donate to DVB

အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးကို အာဏာသိမ်းစစ်ကောင်စီဩဇာခံအဖွဲ့ကို တက်ရောက်ခွင့်ပြုတာက မဖြစ်သင့်ဘူးလို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့မှာ နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ ၁၈ ကြိမ်မြောက် အကြီးအမှူးများတွေ့ဆုံပွဲကို စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ASEAN-PAC နားလည်မှုစာချွန်လွှာမှာ ပါဝင်လက်မှတ်ရေး ထိုးခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံတကာမျက်နှာစာမှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းကို တက်ရောက်ခွင့်ပေးတာက မဖြစ်သင့်ဘူးလို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက အခုလို ထောက်ပြပြောပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေကြီးတဦးက “နိုင်ငံတကာအမြင်မှာတော့ စစ်ကောင်စီကို de facto အနေနဲ့ တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ လက်ရှိမှာတော့ သူတို့က အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ဖိတ်တာလို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး ရှုထောင့်အမြင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို ဖေါက်ဖျက်ပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးအရ ဘယ်လိုမှ တရားမဝင်ဘူး။ အဲ့တော့ သူတို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကလည်း တရားမဝင်ဘူး။ ပြောရရင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ တရားဝင်လား မဝင်လား ဆိုတာကို နိုင်ငံရေးအမြင် စံနှုန်းတွေနဲ့ တိုင်းတာ ကြည့်လို့ ရတယ်။ ဘယ်လိုနည်းနဲ့ တိုင်းတာနိုင်လဲဆိုရင် မြို့တော်ကို သိမ်းထားနိုင်လား။ နယ်မြေတွေ စိုးမိုးထားနိုင်လား၊ ဒါပဲ နိုင်ငံရေး အမြင်က ရှင်းတယ်။ ဆိုတော့ နိုင်ငံရေးအမြင်အရ ကြည့်ရင် စစ်ကောင်စီဟာ သုည ပဲပေါ့။ ဒါကြောင့်မို့လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စစ်အာဏာရှင်ရဲ့ အခိုင်းစေခံ အစေအပါး တွေကို လူရာသွင်းပြီး ပြောစေတာမျိုးက မသင့်တော်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် NLD အစိုးရက သူ့လက်ထက်မှာ အဂတိလိုက်စားမှုရှိခဲ့တဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ပြစ်ဒဏ်ပေး အရေးယူခဲ့ပေမဲ့ စစ်ကောင်စီဟာ အဆိုပါပြစ်ဒဏ်ကို ဖြေလျှော့ပေးကာ ကင်းလွတ်ခွင့်ပေးခဲ့တာကြောင့် ထူးခြားတဲ့ အပြုအမူလို့ဆိုပါတယ်။

ဥပဒေရေးရာကျွမ်းကျင်သူရှေ့နေကြီးတဦးကလည်း “စစ်ဗိုလ်ချုပ်တွေရဲ့ အဂတိလိုက်စားမှုနဲ့ သူတို့နဲ့ပတ်သတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အဂတိလိုက်စားမှုတွေက ရှိနေတာပဲ။ အရေးမယူပါဘူး။ ဥပမာ စည်ပင်ဝန်ထမ်းတွေ တရားရေးရာဌာနက ဝန်ထမ်းတွေ  ပြီးတော့ ရဲ နဲ့ စစ်တပ် အကုန်လုံးပါပဲ အဂတိလိုက်စားနေကြတာ။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အရေးယူတာမျိုး မတွေ့ပါဘူး။ ပြီးတော့ စစ်ကောင်စီစရိုက်က သူများက တောင်ဘက်လုပ်ထားရင် သူက မြောက်ဘက်လုပ်တာ။ NLD အစိုးရလက်ထက်မှာ အရေးယူခဲ့တဲ့သူတွေကိုလည်း သူက ခြေဖျက်ဦးမှာ။ အများကြီးပဲ မဟုတ်တာ တွေလုပ်နေတာ။ ဆုတံဆိပ်တွေ ဘွဲ့တွေ လျှောက်ပေးနေတာ ကြည့်ပါလား။ သူများနဲ့ ဆန့်ကျင်ဘက်တွေ လုပ်နေတာ။ ဘာလို့လဲဆို သူက အာဏာသိမ်းထားတဲ့သူ ဆိုတော့ အဲ့ဒီ့ အာဏာကိုကျင့်သုံးပြီး လုပ်ချင်ရာ လျှောက်လုပ်နေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ အကျင့်ပျက်ခြစားမှု အခြေအနေကို လေ့လာစောင့်ကြည့်နေတဲ့ Transparency International အဖွဲ့က ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အဂတိလိုက်စားမှုအခြေအနေတွေကို အခုနှစ် နှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့ရာမှာ မြန်မာက ရမှတ် ၂၈ မှတ် ရရှိထားကာ နိုင်ငံပေါင်း ၁၈၀ စာရင်းမှာ  အဆင့် ၁၄၀ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013