DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် နျူကလီးယားစွမ်းအင်စက်ရုံ တည်ဆောက်ရန် စစ်ကောင်စီနှင့် ရုရှား ပူးပေါင်းကြံစည် 
DVB
·
November 23, 2022
မြန်မာတွင် နျူကလီးယားစွမ်းအင်စက်ရုံ တည်ဆောက်ရန် စစ်ကောင်စီနှင့် ရုရှား ပူးပေါင်းကြံစည် 
Donate to DVB

မြန်မာနိုင်ငံမှာ နျူးကလီးယားစွမ်းအင်စက်ရုံ တည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံဝန်ကြီးဌာနနဲ့ MOU နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့  ရုရှားအစိုးရပိုင် Rosatom ကော်ပိုရေးရှင်းက နိုဝင်ဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံ ဆိုချီမြို့မှာ မြန်မာလျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့  Rusatom စွမ်းအင်စီမံကိန်းတာဝန်ရှိသူတွေဟာ ရုရှားရဲ့ အငယ်စားအဏုမြူဓာတ်ပေါင်းဖို နည်းပညာ အခြေခံတဲ့ နျူးကလီးယားစက်ရုံ မြန်မာပြည်မှာတည်ဆောက်ဖို့ ဖြစ်နိုင်ခြေတွေကို လေ့လာရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီသဘောတူညီချက်ဟာ  နောက်တဆင့် ခြေလှမ်းအနေနဲ့ မြန်မာနိုင်ငံမှာ အငယ်စား  အဏုမြူဓာတ်ပေါင်းဖိုစီမံကိန်း အကောင်အတည်ဖော် တည်ဆောက်ရေး ရုရှား-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် ပြင်ဆင်မှုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်နဲ့  သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ဦးဆောင်တဲ့အဖွဲ့ဟာ   ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ကျင်းပတဲ့ ATOMEXPO 2022  နျူကလီးယားနည်းပညာ အခြေခံတဲ့ ဆန်းသစ်တီထွင်မှုဖိုရမ်ကို တက်ရောက်နေတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ  Rosatom ရဲ့အကြီးအကဲ ဥက္ကဋ္ဌ  အလက်ဆီလီကာချော့နဲ့ သီးခြားတွေ့ဆုံပြီး  အသေးစားရေအားလျှပ်စစ်၊ လေအား၊ နျူးကလီးယားစွမ်းအင်စက်ရုံ(SMR)နဲ့  လူသားအရင်းအမြစ် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြကာ  Non Disclosure Agreement   လျှို့ဝှက် စာချုပ်တခု လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေး MRTV သတင်းက ထုတ်လွှင့်သွားပါတယ်။

နိုင်ငံတကာရဲ့ ဖိအားတွေကို ခံနေရတဲ့ နှစ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အပြန်အလှန်ပူးပေါင်းရာကနေ မြန်မာ-ရုရှား နျူစွမ်းအင်ပူးပေါင်းထုတ်လုပ်ရေး စီမံကိန်းဖြစ်ပေါ်လာရတာဖြစ်တယ်လို့ အမေရိကန်အခြေစိုက် The Diplomat  မဂ္ဂဇင်းမှာသုံးသပ်ရေးသား ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ မော်စကိုက နိုင်ငံတကာဖိုရမ်တွေမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ရုရှားနဲ့ မြန်မာနှစ်နိုင်ငံကြား လေယာဉ်တိုက်ရိုက်ပြေးဆွဲဖို့ကိုလည်း သဘောတူညီခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ 

လာမယ့် ၂၀၂၃ ခုနှစ် ကနေစတင်ကာ ရုရှားနိုင်ငံရဲ့ ဗလာဒီဗော့စတော့၊ နိုဗိုစီဘီယာ့စ်ခ်နဲ့ ခရာစနိုယာ့စ်ခ်မြို့တွေကနေ ရန်ကုန်ကို တိုက်ရိုက်လေယာဉ်ပျံသန်းဖို့ လျာထားတယ်လို့ ဆိုပါတယ်။ 

နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ဆယ်စုနှစ်တစ်ခုမက ကောင်းမွန်နေခဲ့ပြီးဖြစ်ပေမဲ့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်စတင်မှုတို့ အပြီးမှာတော့ မြန်မာ-ရုရှား ဆက်ဆံရေးဟာ ပိုမိုခိုင်မာအားကောင်းလာခဲ့ကြောင်း နိုင်ငံတကာပဋိပက္ခစောင့်ကြည့် လေ့လာရေးအဖွဲ့ (ICG) က ပြောပါတယ်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆီရဂီးလာဗရော့ဗ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်မှာ မြန်မာစစ်အာဏာရှင်တွေရဲ့ အတိုက်အခံချေမှုန်းရေးလုပ်ငန်းတွေမှာ ရုရှားက မြန်မာစစ်တပ်နဲ့အတူ ရပ်တည်သွားမှာဖြစ်တယ်လို့ ပြောခဲ့သလို မြန်မာစစ်အာဏာရှင်တွေကလည်း ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားရဲ့ လုပ်ရပ်ကိုမှန်ကန်တယ်လို့ ထောက်ခံခဲ့ကြပါတယ်။ 

အဲဒါတင်သာမကပဲ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ရုရှားအရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ရုရှားသမ္မတ ဗလာဒီမယာပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်တယ်လို့ လွန်လွန်ကဲကဲဖားယားမြှောက်ပင့်ခဲ့ကြောင်း The Diplomat သတင်းမှာ ထပ်မံဖော်ပြထားပါတယ်။

အခုရရှိလာတဲ့ ရုရှားနဲ့ နျူကလီးယားစွမ်းအင်ပူးပေါင်းထုတ်လုပ်ရေး သဘောတူညီချက်ကိုကြည့်ရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ကြိုးပမ်းမှုတွေဟာ အလဟဿတော့မဖြစ်ဘူးလို့ ဆိုနိုင်ပေမဲ့ ပြည်သူလူထုအသုံးပြုဖို့အတွက် နျူစွမ်းအင်ထုတ်လုပ်ဖို့အဆင်သင့်ဖြစ်တဲ့အချိန်ထိ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ အာဏာတည်မြဲနေနိုင်ပါ့မလားလို့ The Diplomat သတင်းက မေးခွန်းထုတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013