Home
မြန်မာသတင်း
မြိုင်မြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်အကြမ်းဖက် မီးရှို့ဖျက်ဆီး
DVB
·
November 23, 2022
Ba Hin Police
315949158_206265508526540_1505183502649932944_n
315634086_206265545193203_671319332950332889_n

မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ စခန်းစွန့်ခွာသွားပြီးနောက် စစ်ကောင်စီတပ်က ရွာထဲက နေအိမ် ၇၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ပေါက်မြို့နယ် ကျွန်းတိုင်းရွာကိုလည်း စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ခဲ့လို့ ရွာလုံးကျွတ် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ 

မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၉ ရက် ညနေ ၅ နာရီလောက်မှာ မြိုင်ကနေ ကြောင်ကန်ရွာဘက်ကို ထွက်လာတော့ ပေပါမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ ကြောင်ကန်ရွာမှာ တညအိပ်ပြီး မနက်ဘက်မှာ ပြည်သူ ၃ဝ ကျော်ကိုဖမ်းပြီး ဗဟင်းရွာဘက်ကို ဆက်ထွက်သွားပြီး ရဲစခန်းမှာ ညအိပ်ကာ ရဲစခန်းကိုဖျက်ဆီးပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဗဟင်းရဲစခန်း အချုပ်ခန်း၊ နေအိမ်လိုင်းခန်းတွေကို နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့သလို မနက် ၇ နာရီကျော်လောက်မှာ ရွာကိုပါ ပတ်ရှို့တဲ့အတွက် ပြည်သူတွေရဲ့ နေအိမ် ၇၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်းတိုင်းရွာကိုလည်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီလောက်ကနေ ၂၂ ရက်နေ့အထိ ၃ ရက်ဆက်တိုက် မီးရှို့ခဲ့လို့ ရွာလုံးကျွတ် မီးလောင်ဆုံးရှုံးခဲ့သလို စစ်ဘေးရှောင်တဲတွေ အားလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်းတိုင်းကျေးရွာ ဒေသခံတယောက်က “ကျနော်တို့ရွာကို ပေါက်မြို့နယ် ချောင်းဦးဘက်ကနေ ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ အထိနာပြီး ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂၀၀ ကျော်ရှိတာကို ရွာလုံးကျွတ် မီးလောင်ဆုံးရှုံးခဲ့တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ရွာက အမျိုးသမီး ၈ ယောက်လောက်ကိုလည်း ဖမ်းဆီးပြီး နားကပ်တွေ၊ ဆွဲကြိုးတွေ၊ လက်စွပ်တွေ၊ ရွှေ ၁၀ ကျပ်သားလောက်နဲ့ ဖုန်းတွေ၊ ဆိုင်ကယ်တွေ၊ ငွေကြေးတွေကို သိမ်းယူပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံက ပြောပါတယ်။

ရွာသူရွာသားတွေအနေနဲ့ ပြန်စရာအိမ်လည်း မရှိတော့သလို ချောင်းဦးဘက်က စစ်ကောင်စီတပ်နဲ့ ကပ်နေလို့ အဲဒီစစ်တပ်က ပစ်ခတ်မှာကြောက်တဲ့အတွက် ဘယ်သူမှလည်း မပြန်ရဲကြတော့ဘူးလို့ ဆိုပါတယ်။

ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အိမ်ခြေ ၂၄၀ လောက်ရှိတဲ့ ကျွန်းတိုင်းကျေးရွာက ပြည်သူတွေနဲ့ ဗဟင်းကျေးရွာက မီးလောင်ဆုံးရှုံးခဲ့တဲ့ အိမ်ခြေ ၇၀ ကျော်လောက်က ပြည်သူတွေဟာ နေရေးထိုင်ရေး အခက်အခဲတွေ ကြုံတွေ့နေရသလို စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဗဟင်းရဲစခန်းက ရဲတွေနဲ့ မိသားစုဝင်တွေကို ခေါ်ယူပြီး နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ ပြန်ထွက်သွားပြီး လေဖြတ်ထားတဲ့ ရဲဒုတပ်ကြပ် ဝင်းကိုကိုအောင်ကို စခန်းမှူးက ငွေ ၁၀,၀၀၀ ကျပ်ပေးပြီး ချန်ထားခဲ့လို့ ဖမ်းဆီးထိန်းသိမ်းကာ သုံ့ပန်းအဖြစ် ပို့ဆောင်ထားတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

“အဲဒီစစ်ကြောင်း ဒီနေ့ပြန်တဲ့အချိန်မှာ မြိုင်နဲ့ ယာကြီးပြင်ရွာကြားက တာဝါတိုင်နှစ်တိုင်ကြားမှာ စစ်(...)၊ ရဲ(...) အင်အား ၂၀၀ လောက်ကို ပဒေသာမိုင်း ၈ လုံးနဲ့ ဆွဲလိုက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပြီး အတိအကျ အတည်မပြုနိုင်ပေမဲ့ လူနာတွေကို ထမ်းစင်တွေနဲ့ တင်သွားတာတော့ အတွင်းသတင်းရပြီး မြိုင်ဘက်ကို ဦးတည်နေတယ်။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024