DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံ ရပ်ကွက် ၅ ခုကို စစ်တပ်က အတင်းအကျပ်ဖယ်ခိုင်း၊ နေစရာမရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ ၃ ဦးရှိ
DVB
·
November 23, 2022
မင်္ဂလာဒုံ ရပ်ကွက် ၅ ခုကို စစ်တပ်က အတင်းအကျပ်ဖယ်ခိုင်း၊ နေစရာမရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ ၃ ဦးရှိ
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ထဲက ရပ်ကွက် ၅ ခုကို စစ်ကောင်စီက အတင်းအကျပ် ဖယ်ရှားခိုင်းနေတာကြောင့် နေစရာ နေရာမရှိဖြစ်ပြီးအခက်ကြုံရလို့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး  ၁ ယောက် စုစုပေါင်း  ၃ ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပျဉ်းမပင်အုပ်စုထဲက မြဝတီအမှတ် ၁ စိုက်ခင်းမှာနေထိုင်တဲ့ အမျိုးသားတယောက်ဟာ နိုဝင်ဘာလ ၁၈ ရက်အပြီး အိမ်ဖျက်ရမယ့် စစ်ကောင်စီရဲ့အမိန့်စာကြောင့် ရွှေ့ပြောင်းစရာနဲ့ ဆက်လက် ငှားရမ်းနေထိုင်စရိတ်တွေ မတတ်နိုင်တော့လို အဲ့‌ဒီညပိုင်းမှာပဲ နေအိမ်အနောက်က သစ်ပင်ကိုင်းမှာကြိုးဆွဲချ သတ်သေခဲ့တယ်လို ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ 

အလားတူ နိုဝင်ဘာ ၂၀ ရက် ညပိုင်းမှာ စံသမာဓိရပ်ကွက်က အမျိုးသားတယောက်နဲ့ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ မြဲမြံအောင်ရပ်ကွက်က အမျိုးသမီးတယောက်တို့လည်း ကြိုးဆွဲချ  သတ်သေခဲ့တယ်လို ဒေခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြဲမြံအောင်ရပ်ကွက်မှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွားတဲ့သူရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတသင်းက သွားရောက်သယ်ယူပေးခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

စံသမာဓိရပ်ကွက်နေသူတဦးက “စစ်ကောင်စီက ရပ်ကွက် ၅ ခုကို ဖယ်ရှားခိုင်းတာသာ ရှိပေမယ့် နေစရာမြေ ပြန်ပေးတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။ အဲဒီရပ်ကွက်နေ ပြည်သူတွေဟာ အခြေအနေမဲ့သွားတဲ့အပြင် ပြောင်းရွှေ့သွားတဲ့လူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းမပေးတာတွေကြောင့် မြဝတီစိုက်ခင်းရပ်ကွက်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတာလည်း ရှိတယ်”လို့ ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာက ရပ်ကွက်ငါးခုဟာ တပ်ပိုင်မြေထဲမှာ ပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အတင်းအကျပ် ဖယ်ရှားခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီ ရပ်ကွက်တွေဟာ ပျဉ်းမပင် စက်မှုဇုန်ဧရိယာထဲ ဧက ၅၆၀ ကျော်မှာ ရှိနေပြီး အိမ်ခြေပေါင်း ၁ သောင်းကျော် ရှိပါတယ်။

“လယ်ယာမြေကနေ ဥယျာဉ်ခြံမြေအဖြစ် ပြောင်းထားပြီး လူနေထိုင်လို့ ရတဲ့ဆိုတဲ့ အရပ်စာချုပ်နဲ့ ဝယ်ယူ နေထိုင်ကြတာပပါ။ အများစုဟာ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက နေထိုင်လာသူတွေ ဖြစ်ပြီး တချို့ဆို အိမ်ကြီးအိမ်ကောင်းနဲ့ တိုက်တွေ ဆောက်လုပ်ထားပါတယ်။ နေအိမ် ဖျက်ကာ ဖယ်ရှားပေးရပြီး နေစရာ မရှိတာကြောင့် မြဲမြံအောင်ရပ်ကွက်ထဲက ၁ ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်” လို့ မြဲမြံအောင်ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

မြဲမြံအောင်၊ စံသမာဓိ၊ ဓမ္မပါလ၊ ဂုန်ညင်းနီနဲ့ မြဝတီရပ်ကွက်တွေကို စစ်ကောင်စီက နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက တပတ်အတွင်း ပြောင်းရွှေ့ပေးရမယ်ဆိုပြီး စာထုတ်ခဲ့ပြီး နောက်ပိုင်းမှာ အဆင့်ဆင့် နိုဝင်ဘာ ၂၂ ရက်နေ့ နောက်ဆုံးထား အပြီးဖျက်ပေးဖို့ ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။ 

ရပ်ကွက်တွေအတွင်း အိမ်တော်တော်များများကတော့ ဖျက်ပြီး ရွှေ့နေကြတယ်လို့ အိမ်အပျက်အစီးတွေ၊ ပစ္စည်းတွေနဲ့ စုပုံနေတယ်လို့ ပျဉ်းမပင်ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။ 

ကျူးကျော်လို့ စွပ်စွဲခံရတဲ့ အိမ်တချို့မှာ နှစ်ဆယ်နှင့်ချီ အခိုင်အမာ ဆောက်လုပ်နေထိုင်နေတဲ့ အိမ်တွေ ပါသလို ဘုန်းကြီးကျောင်းအများအပြားနဲ့ စေတီတွေလည်း ပါပါတယ်။ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ သာသနိက အဆောက်အဦတွေအနေနဲ့ သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးဖို့ မင်္ဂလာဒုံမြို့နယ် သံဃနာယကအဖွဲ့က နိုဝင်ဘာ ၂၀ ရက်မှာ စာပို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ 

အလားတူ မရမ်းကုန်းမြို့နယ်မှာလည်း ၃ ရပ်ကွက် ခိုင်ရွှေဝါ ၁ လမ်းထဲက နေအိမ် ၁၅၀ လောက်ကို ကျုးကျော်ဆိုပြီး နိုဝင်ဘာ ၁၉ ရက်နေ့က အတင်းအကျပ် ဖျက်ဆီး ဖယ်ရှားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကျူးကျော်နေထိုင်သူတွေကို ဆက်တိုက်ရှင်းလင်း ဖယ်ရှားနေတာကြောင့် နိုင်ငံတဝန်း အိမ်ခြေမဲ့သူဦးရေ တိုးပွားလာနေတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013