DVB Logo
Home
မြန်မာသတင်း
ရုရှား-မြန်မာ နှစ်နိုင်ငံ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး အလှမ်းဝေးနေဆဲ
DVB
·
November 23, 2022
ရုရှား-မြန်မာ နှစ်နိုင်ငံ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး အလှမ်းဝေးနေဆဲ
Donate to DVB

ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍတိုးတက်ရေးအတွက် စစ်ကောင်စီက ကြိုးပမ်းဆောင်ရွက်နေပေမဲ့ ရုရှားခရီးသွားဧည့်သည်တွေ မြန်မာပြည်ကို အရေအတွက်များများ လာလည်ဖို့ အလှမ်းဝေးနေဆဲပါလို့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဌေးအောင်က ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ ခရီးစဉ်ဒေသတွေအကြောင်းကို ရုရှားပြည်သူတွေ ပိုမိုသိရှိစေဖို့ ရုရှားအခြေစိုက် URAL Airline In Flight မဂ္ဂဇင်းမှာ ထည့်သွင်းကြော်ငြာသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေး အစီအစဉ်တရပ်အနေနဲ့လည်း ချစ်ကြည်ရေး ခရီးစဉ်တွေကို ပုဂ္ဂလိကအသင်းအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ့်အကြောင်း နေပြည်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမှုထမ်း အရာရှိတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။

ဒါပေမဲ့ စစ်ကောင်စီမျှော်မှန်းထားသလို ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍ တိုးတက်ဖို့က တိုက်ရိုက်လေကြောင်းလိုင်းတွေ မရှိဘဲနဲ့ မဖြစ်နိုင်ဘူးလို့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တွေက ထောက်ပြထားပါတယ်။

ပြည်ပခရီးသွားဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင်တဦးက “ခရီးသွားကဏ္ဍတိုးမြှင့်ဖို့ဆိုရင် ပထမအချက်က နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှုတွေ ရှိလာတော့မှပဲ ရုရှားနိုင်ငံက ခရီးသွားတွေ မြန်မာနိုင်ငံဆီ လာလည်လို့ရမှာလေ။ အခုလောလောဆယ်မှာတော့ ရုရှား-မြန်မာ လေကြောင်းခရီးစဉ်တွေက မရှိသေးဘူး။ အဲဒီတော့ ပြောရရင် ခရီးသွားလုပ်ငန်းဆိုတာ လေကြောင်းပျံသန်းမှုတွေ မရှိဘဲနဲ့ ခရီးသွားတွေ အများကြီး ဝင်ရောက်လာဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးနော်။ ဒါပေမဲ့ တခုတော့ရှိတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံကတဆင့် ဖိတ်လျှံလာပြီးတော့ အခု နိုဝင်ဘာလထဲမှာ ရုရှားနိုင်ငံက ခရီးသွားတချို့ ဝင်ရောက်ခဲ့တာရှိတယ်။ ပမာဏကတော့ ဘာမှမရှိပါဘူး။ ဆယ်ဂဏန်းကျော်ကျော်ပဲ ရှိတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရေးက အလှမ်းဝေးတာကြောင့် ရုရှားနိုင်ငံသား ခရီးသွားတွေ မြန်မာနိုင်ငံထဲ လာရောက်လည်ပတ်ဖို့က ထင်သလောက် မလွယ်ကူတဲ့အကြောင်း ဟိုတယ်နဲ့ခရီးသွားဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီပိုင်ရှင်တဦးက အခုလို သုံးသပ်ပြောပါတယ်။

“ရုရှားနိုင်ငံမှာလည်း သူတို့နိုင်ငံမှာ စီးပွားရေးက အရမ်းကြီး မကောင်းလှဘူး။ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေ ခံနေရတယ်။ ဒါပေမဲ့ ခရီးသွားတဲ့သူတွေကတော့ သွားကြတာပဲ။ အထူးသဖြင့် သူတို့နိုင်ငံမှာ ဆောင်းရာသီက အရမ်းအေးတဲ့အတွက် ဆောင်းရာသီမှာ နေထိုင်လို့ရှိရင် သူတို့ရဲ့ ကုန်ကျစရိတ်တွေရှိတယ်။ ဥပမာ ဂတ်စ်ဖိုးတို့ ဘာတို့ပေါ့နော်။ ဒီစရိတ်တွေက အရမ်းများတယ်။ တခြားနိုင်ငံမှာ သွားနေရင်လည်း ကုန်ကျတဲ့စရိတ်က အတူတူလောက်ပဲ ရှိတယ်။ ဒါကြောင့် သူတို့က ဆောင်းရာသီမှာ ခိုလှုံတဲ့အနေနဲ့ ခရီးသွားကြတယ်။ ဒါပေမဲ့ မြန်မာပြည်ကိုလာဖို့က အလှမ်းဝေးတဲ့အတွက် လေယာဉ်ခက ဈေးကြီးလို့ သူတို့လာဖို့က အခက်အခဲရှိနိုင်တယ်။ တကယ်လို့ပေါ့ ဈေးသက်သာတဲ့ ခရီးစဉ်တွေ တိုက်ရိုက်ပြေးဆွဲတဲ့ လေကြောင်းလိုင်းတွေ များများစားစား ရှိလာမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ လာဖို့က မလွယ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းမီကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုက ၄ ဒသမ ၈ သန်းကျော် ရှိခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီမှ သြဂုတ်လအထိ ၄ လတာကာလအတွင်းမှာ မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုက ၂၀,၀၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013