DVB Logo
Home
မြန်မာသတင်း
နော်ဝေပါလီမန်အမတ်များနှင့် CRPH /NUCC/ NUG ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
DVB
·
November 23, 2022
နော်ဝေပါလီမန်အမတ်များနှင့် CRPH /NUCC/ NUG ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
Donate to DVB

နော်ဝေနိုင်ငံရေးပါတီများမှ ပါလီမန်အမတ်တွေနဲ့  CRPH /NUCC/ NUG ခေါင်းဆောင်တွေ နိုဝင်ဘာ ၂၂ ရက်က တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

အချိန် ၂ နာရီကြာတွေ့ဆုံပွဲမှာ  ဖက်ဒရယ်ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပဋိညာဉ်ရေးရာကိစ္စတွေ၊ စစ်ကောင်စီကျင်းပမယ့် တရားမဝင်သည့် ရွေးကောက်ပွဲကိစ္စတွေအပြင် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ICC၊ ICJ နဲ့ နိုင်ငံတချို့မှာ စစ်ကောင်စီကို တရားစွဲဖို့ ဆောင်ရွက်နေမှု၊ အရပ်သားပြည်သူတွေအပေါ် စစ်တပ်ရဲ့တိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုကိစ္စတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို မြန်မာကိုယ်စားလှယ်တွေက ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်ကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ထိခိုက်မှုအခြေအနေနဲ့ လိုအပ်ချက်တွေ၊ NUG ရဲ့ နိုင်ငံတကာပူးပေါင်းဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး၊ နိုင်ငံတကာအကူအညီတွေကို နယ်စပ်ဖြတ်ကျော် စီးဆင်းစေဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ မြန်မာဘက်က နော်ဝေအစိုးရကို အကြံပြုချက်တွေ၊ အာဆီယံဘုံသဘောတူညီအပေါ် သဘောထားနဲ့ နော်ဝေအစိုးရနဲ့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာတွေကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

နော်ဝေနိုင်ငံရေးပါတီတွေဘက်ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆိတ်သုဉ်းသွားစေဖို့ စစ်ကောင်စီက အကြမ်းဖက်ကြိုးပမ်းနေတာဟာ မြန်မာပြည်သူတွေကိုသာမက ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ ကမ္ဘာ့လူသားတရပ်လုံးကိုပါ စော်ကားတာဖြစ်ကြောင်း၊ မြန်မာ့အရေးဟာ ယူကရိန်း၊ အာဖဂနစ္စတန်နဲ့ အီရန် အရေးလို့ ကမ္ဘာကြီးက မျက်ကွယ်ပြုမထားသင့်တဲ့ အရေး ဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ် ပေါ်ပေါက်လာတယ်အထိ အားပေးကူညီမယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကို နော်ဝေနိုင်ငံရေးပါတီတွေဖြစ်တဲ့ Liberal ပါတီ၊ Green ပါတီနဲ့  Socialist Left ပါတီတို့က အမတ်တွေ၊ တခြားပါတီတွေက ကိုယ်စားလှယ်တွေနဲ့ အကြံပေးအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာဘက်ကတော့ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မျိုးမင်း ဒေါက်တာဝင်းမြတ်အေး၊ နော်စူစန်နာလှလှစိုး၊ ဒေါက်တာဆာဆာနဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ (CRPH) ဥက္ကဋ္ဌ  ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှ ဦးမောင်မောင်နဲ့ ဦးတိုးကျော်လှိုင်၊ အော်စလိုတက္ကသိုလ်မှ ပါမောက္ခ Kristian Stokke၊ NUG နော်ဝေနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးမောင်မောင်မြင့်နဲ့ ကိုယ်စားလှယ်ရုံးအဖွဲ့မှူး ဒေါ်ဝတ်မှုန်ဝင်းတို့တက်ရောက်တယ်လို့ NUG ကကြေညာပါတယ်။

လာမယ့် ဖေဖော်ဝါရီလမှာ လက်တွေ့ကျတဲ့ အစီအစဉ်တွေကို ဆက်လက်ဆွေးနွေးနိုင်ဖို့ ပိုမိုကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ထပ်မံကျင်းပဖို့ ရှိနေတယ်လို့ NUG ကိုယ်စားလှယ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013