DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
November 22, 2022
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကွကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက် ၇ နာရီလောက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီတ​ပ်က ၂ ဦး ‌ေသဆုံးခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) တာဝန်ရှိသူတဦးက ပြော​ပါတယ်။

သရက်ကွကျေးရွာက ပျူစောထီးတွေ မြေပဲဖော်ဖို့ထွက်လာချိန် စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူ လိုက်လာချိန်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ​ဆိုပါတယ်။

“မြေပဲလာဖော်တာကို ကျနော်တို့က ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့တာပါဗျ။ လက်နက်အပြည့်အစုံနဲ့ ရှေ့ကနေ သူတို့တတ်လာတာ။ အဲ့ဒီလို တက်လာတာကို ကျနော်တို့က ရှေ့ကနေ ပစ်ခတ်ခဲ့တာပါ။”

စစ်ကောင်စီတပ်က လက်နက်ကြီး ၆၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်လောက် အပြန်အလှန် ပစ်ခတ်ကြရာမှာ ပျူစောထီးနှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရတာကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ Middle Revolution Task Force (MRTF)၊ JRT၊ GOE၊ Royal Seven တပ်ဖွဲ့၊ ကိုအောင်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

အလားတူ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ စီးနင်းလာတဲ့ ကား ၂ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့လို့ ပျူစောထီးတယောက် သေဆုံးပြီး ၄ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က ပြန်လာတဲ့ ကား ၂ စီးကို မနေ့က ညနေ ၄ နာရီလောက်မှာ တွင်းမရွာနဲ့ သရက်ကန်ရွာကြားမှာ အလစ်အငိုက် တိုက်ခိုက်ခဲ့လို့ ပျူစောထီးအဖွဲ့ဝင် ဇော်ထက်အောင် သေဆုံးပြီး  ၄ ယောက်တော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားတယ်။”

သရက်ကန်ရွာက ပျူစောထီးတွေဟာ အနီးဝန်းကျင်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လူထုရဲ့ ချွေးနှဲစာတွေကို ခိုးယူတာတွေ ဆက်တိုက်ကျူးလွန်နေလို့ အခုလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြိုင်မြို့နယ်၊ ဗဟင်းရွာမှာလည်း စစ်ကောင်စီတပ်က မီးရှို့တာတွေ လုပ်ဆောင်တာကြောင့် နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါစစ်တပ်ဟာ ဗဟင်းရဲစခန်းကို ထောက်ပို့လာပို့ရင်း ဗဟင်းရွာကို မီးရှို့တာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုဥက္ကာက “ပထမက သူတို့ ထောက်ပို့လာပို့တာကို ကျနော်တို့က စောင့်ကြည့်နေတယ်။ ဘယ်တိုက်ပွဲမှလည်း မဖြစ်ဘူး။ အဲဒါကို ရွာကိုမီးရှို့တာ။ အဲလိုမီးရှို့လို့ ကျနော်တို့က အခုလို ဝင်တိုက်ရတာဗျ။ အကျအဆုံးကတော့ ကျနော်တို့ဘက်ကတော့ မရှိဘူး။ ပစ်တာကတော့ လက်နတ်ကြီးတွေနဲ့ ထုတယ်။ နောက်ပြီး ရွာအနီးဝင်ကပ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်။ အဲဒီလိုပစ်ခတ်ပြီး အကျအဆုံးများလို့ထင်တယ်၊ စခန်းစွန့်ခွာပြီး တပ်နောက်ဆုတ်သွားတယ်” လို့ ပြောပါတယ်။

အခု စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေကတော့ မြိုင် ပ.က.ဖ ကျားသစ်နက်တပ်မတော် (B.L.P.A)၊ တပ်ရင်း-၂ မြိုင်အခြေပြုတပ်ရင်း၊ မြိုင် MHG၊ ပခုက္ကူခရိုင် တပ်ရင်း-၆၊ ပခုက္ကူခရိုင် တပ်ရင်း-၇၊ ဒေသခံ LDF တွေ အတူပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

အခုြဖစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို  သီးခြားအတည်မပြုနိုင်သလို သတင်းထုတ်ပြန်တာလည်း မတွေ့ရပါဘူး။

ပေါက်မြို့နယ် ကျွန်းတိုင်းရွာနားမှာ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်ကို မြိုင် ပ.က.ဖနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013