စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ် ထွေအုပ်ရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဒီနေ့ နိုဝင်ဘာ ၂၂ ရက် မနက် ၁၀ နာရီကျော်က တိုက်ပွဲဖြစ်ပွားတယ်လို့ ပုလဲမြို့ခံတွေက ပြောပါတယ်။
ပုလဲမြို့ပေါ်က ထွေအုပ်ရုံးကို ရဲဘော် ချစ်ငယ် ဦးဆောင်တဲ့ ရဲဘော် ၁၄ ဦးနဲ့ လာရောက်ပစ်ခတ်ရာက တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း-၁၀၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နဲ့ တပ်ရင်း-၈ ပုလဲဂျိုကာအဖွဲ့တို့ ပူးပေါင်းပစ်တာလို့ သိရပါတယ်။
ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့မှ ဆရာပေက “ပထမက ၇၀ မမ ၂ လုံးနဲ့ ပစ်တယ်။ ပစ်တဲ့ ၂ လုံးကလည်း ထွေအုပ်ရုံးထဲ တည့်တည့်ကျတယ်။ အဲလို သူတို့ကိုပစ်လို့ဆိုပြီး မြို့ပြင်ကို စခတွေထွက်လာပြီး ကျနော်တို့အဖွဲ့တွေကို လိုက်ပစ်တယ်။ အဲလိုလိုက်ပစ်တဲ့အဖွဲ့ကို ရှေ့ထွက်မိုင်းနဲ့ ဆွဲထားခဲ့တယ်။ ကျနော်တို့ကတော့ အကျအဆုံး မရှိခဲ့ဘူးဗျ။ သူတို့ဘက်ကတော့ ၅ ယောက်သေတယ်။ ၆ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ အတွင်းသတင်းပေးဆီကနေ သိထားရတယ်” လို့ ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်ကောင်စီဘက်က မြို့ပေါ်မှာ ရှာဖွေစစ်ဆေးပြီး PDF အဖွဲ့တွေရဲ့ သတင်းပေးဖို့ ပြောဆိုတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ပုလဲမြို့ပေါ်နေ ပြည်သူတဦးက “မြို့ပေါ်က စစ်ကောင်စီတွေကို မနက်ခင်းက လက်နက်ကြီးနဲ့ လာပစ်ကြတာတော့ ဟုတ်တယ်ဗျ။ သူတို့ပစ်တဲ့သူက ဘယ်အဖွဲ့မှန်းလည်း ကျနော်တို့ မသိရဘူး။ အဲဒါကို PDF အဖွဲ့တွေရဲ့ သတင်းကို သူတို့ကိုပြောရမယ်။ မပြောဘူးဆိုရင် အကုန်သတ်ပစ်လို့ရတယ်လို့ ခြိမ်းခြောက်တယ်။ သူတို့ လက်နက်ကိုင်အချင်းချင်း ပစ်ကြတာကို ကျနော်တို့ပြည်သူတွေနဲ့ ဘာဆိုင်လို့လဲဗျ။ သူတို့မနိုင်ရင် ဒီပြည်သူပဲ မဲဖို့ရာ ကြည့်နေကြတာလား မသိဘူး။ ကြာတော့ မြန်မာပြည်တောင် နေချင်စိတ်မရှိတော့ဘူး။ ဘယ်ဘက်ကလာလာ ပြည်သူပဲ အနိုင်ကျင့်နေကြတော့တာ။ ကြာတော့ ကျနော်တို့ ပုလဲမြို့ပေါ်နေ ပြည်သူတွေကတော့ စိတ်ပျက်နေကြတာတော့ အမှန်ပဲဗျ။ ဘယ်ကောင်တွေ ဘယ်လောက်သေတယ်တော့ မသိဘူး။ သွားလည်း မကြည့်ရဲဘူး။ တိုက်ပွဲဖြစ်တိုင်း ကိုယ့်အိမ်ထဲကိုယ်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ အခုလို PDF တွေ သူတို့စခန်းကို ပစ်ခတ်ခံရတိုင်း မြို့ပေါ်နေပြည်သူတွေကို ဖမ်းဆီးရိုက်နှက် ငွေတောင်း ပြန်လွှတ်လေ့ရှိပြီး ပြည်သူတွေကတော့ ပုလဲမြို့ပေါ်ကနေ ပြောင်းရွှေ့နေထိုင်တာတွေ တနေ့ထက်တနေ့ ပိုများလာတယ်လို့ ပြောပါတယ်။