Home
မြန်မာသတင်း
တောင်ကလေး ရဲကင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး
DVB
·
November 21, 2022
316680655_449188900714705_1607767975401110962_n
316199675_2028390980825160_5982997003200810360_n
316048347_2028391094158482_5746162627756226483_n

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲကင်းကို KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ လာရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက DVB ကို ပြေပါတယ်။

တောင်ကလေးကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီရဲကင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲကင်းတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲ မိနစ် ၃၀ နီးပါးအကြာ ဖြစ်ပွားပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီရဲကင်းကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကောင်စီ ရဲကင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ တပ်သား ၅ ဦး၊ စုစုပေါင်း ၈ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရဲကင်းတိုက်ခိုက်မှုမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ စစ်လေယာဉ် ၃ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မုဒုံမြို့နယ် အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးထားပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသလို ကျေးရွာအတွင်းရှိ နေအိမ်တွေ ထိခိုက်ပျက်စီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ကလေး ကျေးရွာအပါအဝင် အနီးနားကျေးရွာက ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ကြာအင်းဆိပ်ကြီး-မုဒုံ ကားလမ်းပေါ် တောင်ကလေးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ခရီးသည်ကားတွေ ရာနဲ့ချီပိတ်မိနေပြီး ခရီးသည်ကားတချို့ကတော့ ပြေးဆွဲမှု ယာယီ ရပ်နားလိုက်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024