
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ၁၁ ရပ်ကွက် အောင်မေတ္တာလမ်းမပေါ်ရှိ မီးသတ်ဦးစီးဌာနအတွင်း စစ်ကောင်စီတပ်များလုံခြုံရေးယူထားတဲ့ ဘန်ကာနဲ့ သုမင်္ဂလာပန်းခြံအတွင်းမှာ ဒီကနေ့ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ဒီကနေ့ညနေ လေးနာရီက မီးသတ်ဦးစီးဌာနအတွင်းရှိ စစ်တပ်လုံခြုံရေးယူထားတဲ့ ဘန်ကာမှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ဗုံးကနှစ်လုံးပေါက်တာ တလုံးက ဘန်ကာမှာ ပေါက်တယ်၊ တလုံးပန်းခြံနားမှာ ပေါက်တယ်။ လူနာတင်ကားနဲ့ စစ်ကားတွေရောက်လာတယ်၊ စစ်သားအချို့ ဒဏ်ရာရတယ်။"
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေဟာ ပဒေသာလမ်းဆုံနဲ့ အောင်မေတ္တာလမ်းမကြီးကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
"ဗုံးပေါက်ပြီး ဗုံးတလုံးထပ်တွေ့လို့ လမ်းကို ပိတ်ပြီးရှာတာ အခုတော့ လမ်းဖွင့်ပေးလိုက်ပြီ။"
ဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
မနေ့ကလည်း အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ သခင်မြပန်းခြံအတွင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၂၁ ရက်နေ့အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ပြီး ၇ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။