Home
မြန်မာသတင်း
တွံတေး စက်ဆန်းရပ်ကွက်ရှိ လျှပ်စစ်ရုံး မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရ
DVB
·
November 21, 2022

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တဖက်ကမ်း တွံတေးမြို့နယ်ထဲက စက်ဆန်းရပ်ကွက်မှာ ရပ်ကွက်နေ ပြည်သူတွေအပေါ် မတရားငွေကောက်ခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ EPC ရုံးတခုကို နိုဝင်ဘာ ၂၀ ရက် ည ၈ နာရီ ၁၀ မိနစ်လောက်က လက်လုပ်ဖောက်ခွဲရေးမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်နေ ပြည်သူတွေအပေါ် အပြောအဆိုရိုင်းဆိုင်းတာ၊ လျှပ်စစ်မီးဖြတ်တောက်တာတွေနဲ့ အနိုင်ကျင့် မတရားငွေကောက်ခံတဲ့အတွက် အခုလို ဆောင်ရွက်ရတာဖြစ်တယ်လို့ Union of Myanmar Civil Defence (UMCD) တာဝန်ရှိသူတဦးက ပြောပါတယ်။

“စက်ဆန်းရပ်ကွက် EPC ရုံးရဲ့ တာဝန်ခံရှိနေတဲ့အချိန်မှာ လက်လုပ်ဖောက်ခွဲရေးမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပေမဲ့ ၁ လုံးမှာ Error ကြောင့် မပေါက်ကွဲခဲ့ဘဲ လက်လုပ်ဖောက်ခွဲရေးမိုင်း ၁ လုံးနဲ့သာ စစ်ဆင်ရေးကို ဆောင်ရွက်နိုင်ခဲ့သလို ဖောက်ခွဲမှုအပြီးမှာ စစ်ကောင်စီတပ်ဘက်က သေနတ်နဲ့ ၂ ချက်လောက် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်။”

အခုလက်ရှိအချိန်ထိ စက်ဆန်းရပ်ကွက် အနီးအနား ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတပ်ဖွဲ့က ကင်းလှည့်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ စက်ဆန်းရပ်ကွက်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။

အဆိုပါ စစ်ဆင်ရေးကို Union of Myanmar Civil Defence (UMCD) ရဲ့ အင်အားစုဖြစ်တဲ့ Yangon Underground Youth Organization (Y.U.Y.O) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအဖွဲ့သားတွေ ထိခိုက်မှုမရှိဘဲ ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိနေပြီဖြစ်တယ်လို့ UMCD ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ထုတ်ပြန်ထားပါတယ်။

UMCD အင်အားစုအနေနဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကလည်း မှော်ဘီ တိုးလ်ဂိတ်အနီးရှိ သန္ဓေပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပြီး အဝေးထိန်းမိုင်းနဲ့လည်း ထပ်မံဖောက်ခွဲခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024