Home
မြန်မာသတင်း
တမူးတွင် ပျောက်ဆုံးနေသည့် စိတ်ကျန်းမာရေးမကောင်းသည့်လူငယ်၏ အလောင်းပြန်တွေ့
DVB
·
November 21, 2022

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ဈေးတန်း ၅ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဝဏ္ဏထွန်းရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၁ ရက် ဒီနေ့မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။

မောင်ဝဏ္ဏထွန်းဟာ နိုဝင်ဘာ ၁၂ ရက် မနက်အစောပိုင်းမှာ နေအိမ်ကပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်မှာတော့ တမူးမြို့မ ၁၂ ရပ်ကွက်က လမ်းဘေးချုံထဲမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ သူ့ရဲ့ဖခင်ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်သားက စိတ်ကျန်းမာရေး အခြေအနေမကောင်းဘူး။ သူက နေ့ခင်းဆိုရင် ပုံမှန်လူကောင်းအတိုင်းပါပဲ။ ညဆိုရင်တော့ စိတ်ဖောက်တတ်တဲ့ရောဂါ‌ ရှိနေတယ်။ စိတ်ကျန်းမာရေးရောဂါ ဖြစ်တာကတော့ မကြာသေးဘူး။ ကျနော်တို့ ဓလေ့ထုံးတမ်းအရဆိုရင် သူများပြုစား လုပ်ကြံတာ ခံရတာပေါ့။ ကျနော့်သား ဆုံးသွားတဲ့အတွက် အလွန်ပဲ စိတ်မကောင်းဖြစ်မိတယ်။”

ပျောက်ဆုံးသွားပြီးတဲ့အချိန်ကတည်းကစ သေဆုံးသည်အထိ အဆက်အသွယ် လုံးဝမရခဲ့ကြောင်း၊ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိချိန်မှာ ပုပ်ပွနေပြီဖြစ်တာကြောင့် ဘယ်လိုသေဆုံးသွားတယ်ဆိုတာ အတည်ပြုလို့ မရခဲ့ကြောင်း၊ မိမိတို့အနေနဲ့ သားတယောက်လုံးတောင် ဆုံးရှုံးထားရတဲ့ အခြေအနေမို့ အမှုဖွင့် စုံစမ်းစစ်ဆေးတာတွေ မပြုလုပ်တော့ဘူးလို့ မောင်ဝဏ္ဏထွန်းရဲ့ဖခင်က ဆက်ပြောပါတယ်။

မောင်ဝဏ္ဏထွန်းရဲ့ ရုပ်အလောင်းကို တမူးမြို့ နိဗ္ဗာန်လမ်း လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင် သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ နိဗ္ဗာန်လမ်းအသင်းမှ ကိုမင်းထင်ကျော်က ပြောပါတယ်။

“ဒဏ်ရာတွေနဲ့ သေဆုံးလားဆိုတာကို ကြည့်လို့မရတဲ့ အခြေအနေ၊ ဘာကြောင့်သေဆုံးသွားလဲဆိုတာကို ရုပ်အလောင်းကို ကြည့်လို့မရဘူး။ အိမ်က‌ ပျောက်ဆုံးပြီးတဲ့‌နောက် မကြာခင်မှာ ဆုံးပါးသွားတာဖြစ်နိုင်တယ်။ ရုပ်အလောင်းက အရမ်းပုပ်ပွနေလို့ တွေ့ရှိတဲ့နေရာမှာပဲ မီးသင်္ဂြိုဟ် သယ်ယူခဲ့ရတယ်။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တမူးမြို့မှာ ပိုင်ရှင်မဲ့အလောင်းတွေ မကြာခဏတွေ့ရှိနေရပြီး ဒဏ်ရာတွေနဲ့ သေဆုံးတာ၊ ဆေးသုံးစွဲရင်း သေဆုံးတာ၊ လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးတာ စတဲ့ သေဆုံးခြင်းအမျိုးမျိုးနဲ့ သေဆုံးမှုတွေ‌ မကြာခဏဖြစ်ပေါ်နေပြီး တမူးမြို့က ရဲတပ်ဖွဲ့ဝင်တွေကလည်း တစုံတရာ စုံစမ်းစစ်ဆေးတာတွေ မပြုလုပ်ကြဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024