ပြည်သူလူထု သဘာဝဘေးအန္တရာယ်ကြုံတဲ့အခါသုံးဖို့ ရဟတ်ယာဉ်ဝယ်ယူခဲ့တာနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။
ရဟတ်ယာဉ်အမှုအတွက် နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၁၂ ရက် ဒီကနေ့ နေပြည်တော်အချုပ်ရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
တရားရုံးနဲ့နီးစပ်သူက “ဒီနေ့ သမ္မတဦး၀င်းမြင့်ကို ဆက်စစ်တာ ကျန်တဲ့ လေးမှုထဲက သုံးမှုပြီးတယ်။ အန်ကယ်ကတော့ သူသမ္မတတာ၀န်ယူတဲ့ လက်ထက်တုန်းက ဒီရဟတ်ယာဉ်၊ ဝယ်ယူတာ ငှားတာတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့တယ်”လို့ ပြောပါတယ်။
ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိ ငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချကာ ပြန်ခေါ်သက်သေတွေ စစ်ဆေးပြီးနောက် စွပ်စွဲခံရသူတွေဖြစ်တဲ့ ဦး၀င်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးတာဖြစ်ပြီး သမ္မတဦး၀င်းမြင့်ကို ပြီးခဲ့တဲ့ရုံးချိန်းမှာ စစ် ဆေးတာ မပြီးသေးတဲ့အတွက် ဒီနေ့ရုံးချိန်းမှာ ဆက်လက်စစ်ဆေးနေတာဖြစ်ပါတယ်။
မနက်ဖြန် ရုံးချိန်းမှာလည်း ဒီရဟတ်ယာဉ်အမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော် သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံ ထားရတာ စုစုပေါင်း၂၆ နှစ် ရှိပြီဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အမိန့်ချပြီးသားအမှုတွေကိုလည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အယူခံတင်ထားတယ်လို့ သိရပါတယ်။