Home
မြန်မာသတင်း
မြန်မာစစ်အာဏာရှင်အပေါ် စီးပွားရေးပိတ်ဆို့ရန် တောင်ကိုရီးယားကို ကုလကိုယ်စားလှယ် တိုက်တွန်း
DVB
·
November 21, 2022

မြန်မာစစ်အာဏာရှင်တွေနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ် ဆောင်ရွက်သွားဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးစ်က တောင်ကိုရီးယားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ 

တောင်ကိုရီးယားနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာသလို ပူးပေါင်းလုပ်ကိုင်နေတဲ့ စီးပွားဖက်လုပ်ငန်းတွေကိုလည်း သေချာစိစစ် အာမခံနိုင်ဖို့ သောမတ်စ်အန်ဒရူးစ်က တောင်ကိုရီးယားကို လာရောက်ခဲ့တဲ့ သူ့ရဲ့ ၆ ရက်ကြားခရီးစဉ်အပြီး နိုဝင်ဘာလ ၂၁ ရက် သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ပါတယ်။ 

တောင်ကိုရီးယားရဲ့ POSCO International ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှာ မြန်မာစစ်တပ်ကို အဓိကဝင်ငွေရှာပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရဲ့ ပိုင်ဆိုင်မှုမှာ ပါဝင်နေတာကို သောမတ်စ်အန်ဒရူးစ်က ထောက်ပြခဲ့ပါတယ်။

အဲဒီနောက် မြန်မာစစ်အာဏာရှင်ရဲ့ ငွေကြေးနဲ့ လက်နက်ရရှိရေး လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့အပါအဝင် မြန်မာပြည်သူလူထုကို ကူညီထောက်ပံ့ရေးမှာ ခိုင်ခိုင်မာမာ နည်းဗျူဟာကျကျ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ တောင်ကိုရီးယားကို သူကတိုက်တွန်းခဲ့ပါတယ်။

ယူကရိန်း ကျူးကျော်စစ်ဖြစ်ခဲ့ပြီးနောက် ရုရှားနဲ့ ရုရှားရဲ့ စီးပွားရေးလုပ်ငန်းတွေကို တစ်ကမ္ဘာလုံးက စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ဆောင်ရွက်ချိန်မှာ ပါဝင်ခဲ့တဲ့ တောင်ကိုရီးယားကို မြန်မာနိုင်ငံထဲက ရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာလည်းအလားတူဆောင်ရွက်ချက်တွေနဲ့ စစ်ကောင်စီရဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်သင့်တယ်လို့ သူကပြောပါတယ်။

အန်ဒရူးစ်ဟာ တောင်ကိုရီးယားနိုင်ငံကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး အစိုးရအရာရှိတွေ၊ ဒေသခံစီးပွားရေးလုပ်ငန်းတွေမှာ ဦးစီးနေသူတွေနဲ့ တွေ့ဆုံကာ မြန်မာနိုင်ငံက လူ့အခွင့်အရေးပြဿနာတွေကို ဖြေရှင်းရေးအတွက် တောင်ကိုရီးယားရဲ့ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြတယ်လို့ ကိုရီးယားနိုင်ငံအခြေစိုက် KBS သတင်းမှာ ဖော်ပြပါတယ်။ 

Ref-KBS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024