DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ မြေမြုပ်မိုင်းအသုံးပြုမှုကို ဆန့်ကျင်ကန့်ကွက်ရန် HRW တောင်းဆို
DVB
·
November 21, 2022
မြန်မာစစ်တပ်၏ မြေမြုပ်မိုင်းအသုံးပြုမှုကို  ဆန့်ကျင်ကန့်ကွက်ရန် HRW တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၅၀ ကျော်သေဆုံးပြီး ၄၀၀ နီးပါးဒဏ်ရာရခဲ့ကြောင်းနဲ့  မြန်မာစစ်တပ်ရဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုတွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့  နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။

အခု ရက်သတ္တပတ်ကျင်းပမယ့် မြေမြှုပ်မိုင်းတားမြစ်ရေးသဘောတူညီထားတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကြိမ် ၂၀ မြောက် အစည်းအဝေးမှာ မြန်မာစစ်တပ်ရဲ့ မြေမြှုပ်(နင်း)မိုင်း အသုံးပြုမှုတွေကို ကန့်ကွက်ဆန့်ကျင်ကြပြီး၊ ဒီလို အကြီးအကျယ်ထိခိုက်ပျက်ဆီးစေတဲ့ လက်နက်တွေကို မြန်မာစစ်တပ်ကအသုံးပြုခွင့်ရနေစေတဲ့ ဝင်ငွေလမ်းကြောင်းတွေ ပိတ်ဆို့ဖြတ်တောက်ရေးကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ကြဖို့  HRW က တိုက်တွန်းထားပါတယ်။

၂၀၂၂ ခုနှစ်မှာ နိုင်ငံတကာ မြေမြှုပ်မိုင်း တားမြစ်ရေးသဘောတူညီချက်ချမှတ်ခဲ့တာ ၂၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာပေါ်မှာ  မြေမြှုပ်(နင်း)မိုင်းတွေကို ဆက်လက်အသုံးပြုနေတာ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံပဲ ရှိတော့တယ်လို့ HRW က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ မြေမြှုပ်မိုင်းတွေကို ၁၉၉၉ ခုနှစ်က စတင်ကာ အသုံးပြုခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပမာဏအမြောက်အမြား  ပိုမိုအသုံးပြုလာခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ အဆင့်ဆင့်ပေါက်ကွဲစေတတ်တဲ့ဗုံး စောင့်ကြည့်ရေးအဖွဲ့ (Landmine & Cluster Munition Monitor) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာ စစ်ကောင်စီက ထုတ်လုပ်ပြီး နိုင်ငံအနှံမှာ ထောင်ထားခဲ့တဲ့ ရာနဲ့ချီတဲ့ မြေမြှုပ်မိုင်းတွေရဲ့ ပုံတွေကို သုံးသပ်တင်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ မြေမြှုပ်မိုင်းတွေနဲ့ စစ်ပွဲကနေကြွင်းကျန်နေခဲ့တဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် အရပ်သား သေဆုံးမှု ၁၅၇ မှုနဲ့ ဒဏ်ရာရရှိမှု ၃၉၅ မှုရှိခဲ့ပြီး သေဆုံးခဲ့သူတွေရဲ့ သုံးပုံ တစ်ပုံဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ မြေမြှုပ်မိုင်းတွေကို အိမ်အဝင်လမ်း၊ ရွာအဝင်လမ်း၊ ဘုရားရှိခိုးကျောင်းဝင်းအတွင်းနဲ့ လယ်ယာမြေတွေမှာပါ ထောင်ထားခဲ့ကြပါတယ်။ အဲဒါအပြင် မြန်မာစစ်တပ်ဟာ မိုင်းရှိခဲ့ရင် အသေခံဖို့အတွက် အရပ်သားတွေကို လူသားဒိုင်းအဖြစ်နဲ့ သူတို့စစ်ကြောင်းရှေ့ကနေသွားခိုင်းတာတွေ ရှိနေဆဲဖြစ်ပါတယ်။

စောင့်ကြည့်အဖွဲ့ရဲ့ အဲဒီအစီရင်ခံစာမှာ မြန်မာစစ်တပ်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ မြေမြှုပ်မိုင်း အသုံးပြုမှုတွေကိုလည်း ဖော်ပြထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ခုခံတွန်းလှန်စစ်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း စစ်ကောင်စီတပ်တွေကို နေ့စဉ်လိုလို မိုင်းဆွဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာရှိပါတယ်။  

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဩဂုတ်လအတွင်းမှာ မြန်မာစစ်တပ်ကထုတ်လုပ်တဲ့ ဒါဇင်နဲ့ချီတဲ့ မြေမြုပ်မိုင်းတွေကို ရခိုင့်တပ်မတော် (AA) က တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။

မြေမြှုပ်မိုင်း အသုံးပြုမှုရပ်ဆိုင်းဖို့  နိုင်ငံတကာမြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးပိတ်ပင်ရေးအဖွဲ့  ICBL အဖွဲ့က တောင်းဆိုခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရဘက်ကရော ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးမှသာ ရပ်ဆိုင်းနိုင်မယ်လို့ တုံ့ပြန်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူ ဒေါက်တာ ယီရူမိုဆာပေါင်ဆူဝန်က ၂၀၂၀ ဒီဇင်ဘာလက ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ထင်းရှာ၊ လယ်ယာလုပ်၊ နွားကျောင်းတဲ့ အရပ်သားတွေရဲ့ သေဆုံးမှုဟာလည်း များပြားနေပါတယ်။

စက်တင်ဘာ ၁၆ ရက်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး နွားကျောင်းနေရင်း မိုင်းနင်းမိခဲ့တဲ့  အသက် ၂၂ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးက “နွားတွေက တခါတလေ မြန်မာဘက်အခြမ်းထဲဝင်သွားတတ်ကြတော့ သူတို့သွားပြီး ပြန်မောင်းရတယ်။ အဲဒီဘက်မှာ မိုင်းတွေရှိနေမယ်လို့ မသိခဲ့ဘူးလေ။ မိုင်းပေါ်နင်းမိတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး ကျနော်လည်း သတိလစ်သွားတယ်။ ကျနော်သတိရလာတဲ့ အချိန်မှာ ကျနော့် ဘယ်ဘက် ခြေထောက်မရှိတော့တာကို တွေ့ရတာပဲ။ ခြေထောက်လဲ နာနေတယ်” လို့ ပြောတဲ့အကြောင်း HRW ကြေညာချက်မှာဖော်ပြပါတယ်။ 

လတ်တလော မိုင်းပေါက်ကွဲမှုတွေမဖြစ်ခင်မှာ နယ်စပ်ခြံစည်းရိုးအနီး မြန်မာစစ်သားတွေရဲ့ လှုပ်ရှားမှုတွေ မြင်တွေ့ခဲ့ကြောင်း မျက်မြင်သက်သေတွေရဲ့ သတင်းပေးမှုတွေလည်း ရှိနေပါတယ်။ 

လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ မြန်မာစစ်တပ်ဟာ စစ်ဥပဒေသ အမျိုးမျိုးကို ဆိုးဆိုးရွားရွားချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းတည်းက စစ်ကောင်စီဟာ အသက်ကယ် ကူညီကယ်ဆယ်ရေးတွေကို တားမြစ်ထားပြီး မိုင်းနင်းမိလို့ ဒဏ်ရာရခဲ့သူတွေကို ဆေးကုမပေးဖို့ ကျန်းမာရေးဝန်းထမ်းတွေကို အမိန့်ပေးတားမြစ်ထားတယ်လို့ HRW ကဆိုပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံသား ၁ ဒသမ ၄ သန်းရဲ့ နေရပ်ပြန်ရေးအတွက် မြေမြှုပ်မိုင်းအန္တရာယ်ဟာ အတားအဆီးဖြစ်နေဆဲပါ။ 

၁၉၉၇ မြေမြှုပ်မိုင်းတားမြစ်ရေး သဘောတူညီချက်မှာ မြေမြှုပ်(နင်း)မိုင်းအသုံးပြုမှုတွေကို တားဆီးဖို့၊ ထောင်ထားတဲ့ (နင်း)မိုင်းတွေကို ရှင်းလင်းဖယ်ရှားဖို့၊ သိမ်းဆည်းသိုလှောင်ထားတဲ့ မြေမြှုပ်(နင်း)မိုင်းတွေကို ဖျက်ဆီးဖို့နဲ့ နင်းမိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတွေကို ကယ်ဆယ်ကူညီဖို့ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

မြေမြှုပ်မိုင်းတားမြစ်ရေး သဘောတူညီချက်မှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးမထားပေမဲ့ မြေမြှုပ်မိုင်းတွေရဲ့ ထိခိုက်နစ်နာစေမှုဟာ အရပ်သားနဲ့ ရန်သူခွဲခြားခြင်းမရှိတာကြောင့် မြန်မာစစ်အာရှင်တွေရဲ့ မိုင်းအသုံးပြုမှုဟာ ဥပဒေချိုးဖောက်မှုအဖြစ် အကျုံးဝင်ပါတယ်။ မြေမြှုပ်မိုင်းတွေထောင်ထားပြီးနောက် နှစ်ပေါင်းများစွာကြာတဲ့အထိ မိုင်းတွေကြောင့် သေဆုံးတာနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးရတာတွေကို ဖြစ်စေပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၉ ခုနှစ်ကစတင်ပြီး အခုချိန်ထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးထိခိုက်ဒဏ်ရာသူ စုစုပေါင်း ၅,၀၀၀ နီးပါးရှိတယ်လို့ နိုင်ငံတကာမြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးပိတ်ပင်ရေးအဖွဲ့  ICBL အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013