Home
မြန်မာသတင်း
မြန်မာအိမ်ဖော်သေဆုံးသည်အထိ နှိပ်စက်ခဲ့သည့် အိမ်ရှင်၏မိခင်ကို အပြစ်ရှိကြောင်း စင်ကာပူ တရားရုံး ဆုံးဖြတ်
DVB
·
November 21, 2022

မြန်မာအိမ်ဖော်မလေးကိုအသက်သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့လို့ ထောင်ဒဏ်ကျခံနေရတဲ့ အိမ်ရှင်စင်ကာပူနိုင်ငံသူ အမျိုးသမီးရဲ့ အမေဖြစ်သူကိုလည်း အိမ်ဖော်သေဆုံးစေမှုမှာ ပါဝင်ပတ်သက်ခဲ့သူအဖြစ်  နိုဝင်ဘာ ၂၁ ရက်မှာ စင်ကာပူတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ချင်းတိုင်းရင်းသူ ပြောင်ငိုင်ဒွန်းဟာ  စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်နေစဉ်  ၁၄ လကြာအောင် အကြိမ်ကြိမ် နှိပ်စက်ခံခဲ့ရပြီးနောက် လည်ပင်းမှာ ပြင်းထန်တဲ့ဒဏ်ရာနဲ့အတူ ဦးနှောက်ဒဏ်ရာရရှိကာ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့မှာ သေဆုံးခဲ့ရပါတယ်။

အိမ်အကူအမျိုးသမီးငယ်ဟာ ရိုက်နှက်ထိုးကြိတ်မှုတွေကို ခံစားခဲ့ရသလို ကိုယ်အလေးချိန် ၂၄ ကီလို (၅၃ ပေါင်ခန့်သာ) ကျန်တော့သည်အထိ အစာငတ်ခံထားခြင်းကိုလည်း ခံခဲ့ရပါတယ်။ 

ဒီအမှုနဲ့ပတ်သက်ပြီး အိမ်ရှင် ဂိုင်ယာသီရိမာရူဂါရန်ဟာ အိမ်အကူအမျိုးသမီးငယ်ကို သေစေမှု၊ နှိပ်စက်မှုတွေနဲ့ ၂၀၂၁ ခုနှစ်မှာ ထောင်ဒဏ် နှစ် ၃၀ ပြစ်ဒဏ် ကျခံနေရတာဖြစ်ပါတယ်။ 

အခု နိုဝင်ဘာ ၂၁ ရက်မှာတော့ ဂိုင်ယာသီရိရဲ့မိခင် အသက် ၆၄ နှစ်အရွယ် ပရီမာနာရေနာဆာမိုင်ကို လည်း ပြစ်မှု ၄၈ မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ၄၈ မှုထဲက အများစုက အိမ်အကူအမျိုးသမီးငယ်ကို နာကျင်စေမှုတွေ ဖြစ်ပါတယ်။

သူဟာ အိမ်အကူအမျိုးသမီးငယ်ကို ရေနဲ့ပက်တာ၊ ရေလောင်းချတာ၊ ကန်တာ၊ ထိုးကြိတ်တာ၊ ပါးရိုက်တာ၊ လည်ပင်းကနေကိုင်ပြီး ဆွဲခေါ်တာ၊ လဲကျနေချိန် ဆံပင်ကနေဆွဲမပြီး ကြမ်းကြမ်းတမ်းတမ်း ခေါင်းကိုလှည့်ပစ်တာတွေ အစရှိတဲ့ နှိပ်စက်နည်းတွေနဲ့ နှိပ်စက်ခဲ့ပါတယ်။ ယောက်မဇွန်း၊ ကိုယ်သုတ်သဘက်၊ ဆပ်ပြာရည်ဘူးတွေနဲ့လည်း ရိုက်နှက်မှုတွေရှိခဲ့ပါတယ်။

ကိုယ်ပိုင်နေအိမ်သီးသန့်ရှိတဲ့ ပရီမာဟာ သူ့သမီးရဲ့အိမ်မှာ တပတ် သုံးကြိမ် လာနေလေ့ရှိပြီး သေဆုံးခဲ့တဲ့ အိမ်အကူအမျိုးသမီးငယ်ကို သူ့ရဲ့သမီးဖြစ်သူက ပြတင်းပေါက်တံခါးတိုင်တွေမှာ ချည်နှောင်ထားပြီး နှိပ်စက်နေတာကိုလည်း သိရှိခဲ့ပါတယ်။

အဲဒီနောက် သူ့သမီးဖြစ်သူနဲ့အတူရော သူတယောက်တည်းပါ သေဆုံးခဲ့ရသူ မြန်မာ အမျိုးသမီးငယ်ကို အကြိမ်ကြိမ် ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့ပါတယ်။ 

အမျိုးသမီးငယ် မသေဆုံးမီ နောက်ဆုံး ၃၅ ရက်က CCTV မှတ်တမ်းတွေကို ပြန်လည်ကြည့်ရှုပြီး တရားရုံးက နှိပ်စက်မှုတွေကို စစ်ဆေးခဲ့ပါတယ်။ CCTV မှတ်တမ်းတခုမှာ အမျိုးသမီးငယ်က ခေါင်းငုံ့ပြီး အိမ်သာတက်နေစဉ် ပရီမာက အမျိုးသမီးငယ်ရဲ့ခေါင်းကို အဝတ်စတခုနဲ့ ထပ်ခါထပ်ခါ ရိုက်နှက်နေတာကို တွေ့မြင်ကြရပါတယ်။

တရားရုံးမှာ စစ်ဆေးကြားနာနေစဉ် CCTV မှတ်တမ်းတွေ ပြန်လည်ပြသတာကိုတော့ ပရီမာက မော့မကြည့်ဘဲ ခေါင်းငုံ့ထားပါတယ်။ 

သေဆုံးမှုမဖြစ်ပွားမီ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၅ ရက် ည ၁၁ နာရီ ၄၀ မိနစ်လောက်မှာ အိမ်အကူအမျိုးသမီးငယ်ဟာ အဝတ်လျှော်နေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ဂိုင်ယာသီရိက နှေးလွန်းတယ်ဟုဆိုကာ ရိုက်နှက်ပြီး ဆံပင်ကနေဆွဲကာ မြန်မြန်လုပ်ခိုင်းခဲ့ပြီးနောက် ရေချိုးခန်းအဝင်ဝမှာ ခြေထောက်ယိုင်နဲ့သွားစဉ် အမျိုးသမီးငယ်ကို မနေနဲ့ဟု ဆိုကာ ဆပ်ပြာရည်ဘူးနဲ့ ခေါင်းကို ထပ်ရိုက်ခဲ့ပါတယ်။ 

အဲဒီနောက် အိမ်အကူအမျိုးသမီးငယ်ဟာ နောက်ပြန်လဲကျသွားပြီး ပြန်မထနိုင်တော့တာကို ဂိုင်ယာသီရိက သူ့အမေ ပရီမာကိုလှမ်းခေါ်ပြီး အမျိုးသမီးငယ်အပေါ် ရေလောင်းချကာ နှစ်ယောက်ပေါင်းပြီး ထပ်နှိပ်စက်ခဲ့ကြပါတယ်။

အဲဒီနောက် ပရီမာက မီးဖိုခန်းနဲ့ ဧည့်ခန်းတွေဖြတ်ကာ အမျိုးသမီးငယ်ကို ဒရွတ်ဆွဲပြီး အိပ်ခန်းထဲဆွဲသွားခဲ့ပါတယ်။ အိပ်ခန်းထဲရောက်ချိန်မှာတော့ ဂိုင်ယာသီရိက အမျိုးသမီးငယ်ရဲ့ ဗိုက်ကို ခြေထောက်နဲ့ကန်ခဲ့ပြီး  ပရီမာကတော့ လက်သီးနဲ့ထိုး၊ လည်ပင်းညှစ်ခဲ့ပါတယ်။ 

အဲဒီအချိန် အမျိုးသမီးငယ်က အစာတောင်းတာကိုလည်း ဂိုင်ယာသီရိက မပေးဘဲငြင်းဆန်ခဲ့ပြီး သူ့ကို ပြတင်းတံခါးတိုင်တွေမှာ ကြိုးနဲ့ချည်လိုက်ပါတယ်။ အဲဒီနောက် ဗိုက်ကိုကန်ပြီး ကြမ်းပေါ်မှာ ရေစိုအဝတ်နဲ့ ထားခဲ့ပါတယ်။ 

နောက်နေ့မနက် ၅ နာရီမှာ အိမ်အကူအမျိုးသမီးငယ်ကို သူတို့သွားနှိုးရာမှာတော့ အမျိုးသမီးငယ်ဟာ မလှုပ်တော့ပါဘူး။ အဲဒီအချိန်မှ ကြောက်လန့်လာတဲ့ ဂိုင်ယာသီရိကနဲ့ ပရီမာတို့ဟာ ဆရာဝန်ခေါ်ခဲ့ပြီး အိမ်အကူအမျိုးသမီးကို ကြမ်းပြင်ပေါ်လဲနေတာတွေ့ရပါတယ်လို့ လိမ်ညာခဲ့ကြပါသေးတယ်။

ဆရာဝန်ကတော့ အမျိုးသမီးငယ်ဟာ သေဆုံးနေပြီဖြစ်တာကြောင့် ရဲခေါ်ဖို့ပဲ ညွှန်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရော သမီးကိုပါ ရဲက ဖမ်းဆီးခဲ့တာဖြစ်ကြောင်း စင်ကာပူ  အခြေစိုက်  Channel News Asia ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

စင်ကာပူနိုင်ငံမှာ အိမ်ရှင်ရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ မြန်မာအိမ်ဖော်မလေး ပြောင်ငိုင်ဒွန်းရဲ့ ရုပ်အလောင်းကို သြဂုတ် ၁၃ ရက်က စင်ကာပူကနေ မြန်မာနိုင်ငံသို့ သယ်ဆောင်လာခဲ့ပြီး    သြဂုတ် ၁၇ ရက်မှာ သူရဲ့ဇာတိမြေ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဒဲမ်ပီရွာ ကျေးရွာမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

ပြောင်ငိုင်ဒွန်းဟာ  စင်ကာပူနိုင်ငံမသွားခင် သူရဲ့ ၂ နှစ်နဲ့ ၈ လသားအရွယ် သားငယ်ကို အစ်ကို၊ အစ်မတွေဆီအပ်ထားပြီး မိသားစုကို ပိုမိုထောက်ပံ့လိုတဲ့အတွက် စင်ကာပူမှာ အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်ကိုင်တာဖြစ်ပါတယ်။ 

Ref- CNA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024