
မန္တလေးမြို့မှာ နိုဝင်ဘာလအတွင်း လျှပ်စစ်မီး မကြာခဏပြတ်တောက်နေပြီး မီးပြတ်တဲ့ ညတွေမှာ နေအိမ်နဲ့ ဆိုင်ခန်းတွေ ဓားပြတိုက်ခံရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက "ခုက မီးပြတ်တာ သိပ်ကိစ္စမရှိတော့ဘူး။ မီးပြတ်ချိန်ဆို ဓားပြ ဝင်တိုက်နေပြီ။ မီးပြတ်တာကို ကြောက်နေရတယ်။ ဟိုရက်က ရပ်ကွက်ထဲက အထည်ဆိုင် ဓားပြတိုက်ခံရတာ မီးပြတ်နေချိန်။ သိန်း ၇၀ လောက်ပါသွားတယ်။ ဘာမှ ပြန်လုပ်ချိန် မရဘူး" လို့ ပြောပါတယ်။
မန္တလေးမြို့မှာ နိုဝင်ဘာလအတွင်း လျှပ်စစ်မီးက အချိန်နည်းလာတာကြောင့် မီးပြတ်နေချိန် အခုလို ဓားပြတိုက်ခံရမှုတွေ ကြုံတွေ့နေရတာလို့ သိရပါတယ်။
မန္တလေးမြို့မှာ နေအိမ်တွင်း ဓားပြ တိုက်ခံရတာတွေ၊ လမ်းသွားရင်း လုယက်ခံရတာတွေနဲ့ ခိုးခံရတာတွေအပြင် လူကို အသက်အန္တရာယ်ပေးတဲ့အထိ အကြမ်းဖက်လုယက်တာတွေ ရှိနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေရာတိုင်းမှာ ခိုးဆိုးလုယက်မှုဖြစ်စဥ်တွေ ကြုံတွေ့နေရပေမဲ့ အရင်လို သတင်းတွေကို အချိန်နဲ့ တပြေးညီ မသိရှိရတော့ဘူးလို့ မြို့ခံတဦးက ဆိုပါတယ်။