Home
မြန်မာသတင်း
စစ်တပ်က ပေါင်းလှည်းကုန်ရွာ နေအိမ် ၂၀၀ ကျော်ကိုမီးရှို့ပြီး ရွာသားတဦးအား သတ်ဖြတ်
DVB
·
November 20, 2022
315915097_194330766428802_8364846800832275164_n

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပေါင်းလှည်းကုန်းရွာမှာ ဝင်ရောက်တပ်စွဲပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့ကာ ရွာသားတဦးကိုလည်း သတ်ဖြတ်ထားခဲ့တယ်လို့ ပေါင်းလှည်းကုန်းပြည်သူကာကွယ်ရေးအဖွဲ့ခေါင်း ကိုမျောက်ကြီးက ပြောပါတယ်။

အင်အား ၇၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ ပေါင်းလှည်းကုန်းရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ညနေကနေ ဒီနေ့ထိ ဝင်ရောက်တပ်စွဲနေထိုင်ပြီး အခုလို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ပေါင်းလှည်းကုန်းရွာသားလည်းဖြစ်သူ ကိုမျောက်ကြီးက “စစ်ကောင်စီက ရွာထဲဝင်တော့ လက်နက်ကြီး ပစ်ရာကနေ ထိမှန်ပြီးသေနေခဲ့တာဖြစ်မယ်ဗျ။ စစ်ကောင်စီလာတော့ ရွာသားတွေ အကုန်ထွက်ပြေးကြရတာဆိုတော့ လက်နက်ကြီးမှန်ပြီး သေနေခဲ့တာ့မသိကြတာ။ အခု စခတွေ ရွာထဲကနေ ဒီနေ့ထွက်သွားလို့ ကျနော်တို့ရွာသားတွေ ရွာထဲပြန်ဝင်တဲ့အခါကြမှ ဦးစန်းဝင်းအလောင်းကို တွေခဲ့ရတာဗျ။ အသက်က ၅၅ နှစ်လောက်ရှိမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၈ ရက်နေ့ည ည ၁၁ နာရီလောက် ရွာအတွင်းက ပြည်သူအိမ်တွေကို စတင်မီရှို့ပြီး နိုဝင်ဘာ ၁၉ ရက်နေ့ မနက်မှာလည်း ထပ်မံမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ မနက်မှာလည်း ပေါင်းလှည်းကုန်းရွာက နေအိမ်တွေကို ထပ်မီးရှို့ပြီး လက်ပံကြီးရွာဘက် စစ်ကောင်စီတပ်တွေ ထွက်သွားလို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေ ကျေးရွာအတွင်း ဝင်ရောက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ပေါင်းလှည်းကုန်းပြည်သူကာကွယ်ရေးအဖွဲ့ခေါင်း ကိုမျောက်ကြီးက “စစ်ကောင်စီကတော့ ပြည်သူတွေ ဒုက္ခရောက်‌အောင် နစ်နစ်နာနာလုပ်သွားတယ်။ အခုမီးရှို့သွားတာက အိမ်ခြေ ၂၀၀ ကျော်နဲ့ စပါးကျည်တိုက် ၈၀ ကျော်ကို မီးရှို့သွားတယ်ဗျ။ ကျနော်တို့ ရွာသားတဦးကိုလည်း သတ်ဖြတ်ထားခဲ့ကြတယ်။ စပါးကျည်တိုက်တခုက စပါးတင်းရေး ၃၀၀၀ ကျော်လောက် ထည့်ထားတဲ့ စပါးကျည်တွေပါ။ စပါးကျည်တိုက် ၈၀ ဆိုရင် တင်းရေးကတော့ ဆရာတွက်တာကြည့်လိုက်ပါဗျ” လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024