
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်မှာ နိုဝင်ဘာ ၂၀ ရက် နေ့လယ် ၂ နာရီလောက်က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေရဲ့ လိုက်လံပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တဦးနဲ့ လူငယ်တဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူနဲ့ ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လောင်းလုံးမြို့ထဲကနေ ဆိုင်ကယ် တယောက်တစီးစီ မောင်းနှင်ထွက်လာတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီလောက်အောက်ခံတပ်ဖွဲ့ဝင်တွေက ကားနှစ်စီးနဲ့ စတင်လိုက်လံပစ်ခတ်ခဲ့တာကြောင့် အသက် ၁၈ နှစ် ခန့်ရှိ လူငယ်တဦး ကျည်ဆန်ထိမှန်သေဆုံးခဲ့ပြီး ကျန်တဦးကတော့ ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာပါ။
ပစ်ခတ်ခံရလို့ သေဆုံးခဲ့သူ ဘယ်သူလဲဆိုတာ မသိရသေးဘဲ ရိုက်နှက်ဖမ်းဆီးခံရတဲ့သူကိုတော့ လောင်းလုံးမြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လိုက်လံပစ်ခတ်တာကိုတွေ့လို့ ဆိုင်ကယ်ပြန်လှည့်တဲ့ မောင်နှမ ၂ ဦးလည်း ပစ်ခတ်ခံခဲ့ရပြီး အစ်ကိုဖြစ်သူ အသက် ၁၄ နှစ်အရွယ်ရှိ မောင်အောင်ဝေယံ သေဆုံးကာ ညီမဖြစ်သူ အသက် ၁၂ နှစ်အရွယ် မယွန်းပြည့်သဇင်ကတော့ ပေါင်တံမှာ ကျည်ဆန်ရှပ်ထိ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လောင်းလုံးမြို့ခံတဦးကတော့ "လိုက်ပစ်တာက ဘာလို့လိုက်ပစ်မှန်းမသိဘူး၊ ဆိုင်ကယ်တစီး ယောက်ျားနှစ်ယောက် စီးလာတာလည်းမဟုတ်ဘူး၊ ကင်းလှည့်ရင်း တွေ့လို့ ပစ်သွားတာ" လို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ အလောင်းကိုတော့ ထားဝယ်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ကားနဲ့ သယ်ယူသွားပြီး ဒဏ်ရာရရှိတဲ့ မိန်ကလေးငယ်ကတော့ နေအိမ်ပြန်ရောက်ပြီလို့လည်းသိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံတပ်သားတွေက ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နေရာအနီးက အသက် ၆၅ နှစ်အရွယ် ဦးနှင်းရွှေဆိုသူ အသက်ကြီးပိုင်း အမျိုးသားတဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘာလို့ အခုလို အဖမ်းခံရတာလဲဆိုတာကိုတော့ မသိရပါဘူး။
လောင်းလုံးမြို့ခံတွေကတော့ အခုလို ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ လောင်းလုံးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေဖြစ်တယ်လို့ ပြောပါတယ်။