
စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး-တမူးလမ်းကို ပြည်သူတွေ အသုံးမပြုကြဖို့ နောက်ထပ် တပတ်တိုးပြီ သတ်မှတ်လိုက်တယ်လို့ ကလေးနဲ့တမူးဒေသပြည်သူ့ ကာကွယ်တပ်တွေက ကြေညာလိုက်ပါတယ်။
မြို့နယ်အတွင်းဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် နိုဝင်ဘာ ၁၉ ရက်အထိ အရေးပေါ် ကျန်းမာရေးကိစ္စက လွဲလို့ အဲဒီလမ်းကို အသုံးမပြုကြဖို့ အခုလ ၁၂ နဲ့ ၁၃ ရက်တွေက အသီးသီး ထုတ်ပြန်ထားကြတာပါ။
အခုအဲဒီထုတ်ပြန်ချက်ကို ရက်သတ္တပတ် ၁ ပတ်ထပ်တိုးလိုက်တယ်လို့ PDF Kalay က နိုဝင်ဘာ ၂၀ ရက်မှာ ထပ်မံထုတ်ပြန်လာပါတယ်။
ကလေးမြို့နယ်အတွင်း လက်ရှိစစ်ရေးဆက်လက်တင်းမာနေမှုအခြေအနေများအရ ကလေး-တမူး လမ်းမှာ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာ လုံးဝ မလုပ်ဖို့ မေတ္တာရပ်ခံ သတိပေးထားတယ်လို့ ဆိုပါတယ်။
သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာလို့ ဖြစ်ပေါ်လာနိုင်မယ့် လုံခြုံရေး အန္တရာယ် တွေနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သတိပြုစေလိုကြောင်း ဒေသခံကာကွယ်ရေးတပ်တွေ က အသိပေးထားပါတယ်။