
စစ်တပ်လက်နက်ကြီးကျပြီး အများအပြား သေဆုံးဒဏ်ရာရခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းက ဂြိတ်ချောင်းကျေးရွာဒေသခံတွေဟာ နိုဝင်ဘာ ၂၀ ရက်က အဲဒီရွာမှာ မနေရဲတော့ဘဲ တိမ်းရှောင်လာခဲ့ကြပြီး နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ရွာသူ၊ရွာသားတွေက ပြောပါတယ်။
ရွာသား တဦးက "ဂြိတ်ချောင်းရွာက မြိုတိုင်ရင်းသားတွေ နေကြတာပါ။ ရွာမှာ ကလေး ကင်းပွန်း တပ်ပွဲ ကျင်းပနေချိန် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာပါ။ လက်ရှိ အဘက်ဘက်ကို ကြောက်နေရတဲ့အတွက် ရွာမှာ မနေဝံ့တောတဲ့အတွက် အားလုံး ထွက်ပြေးလာကြပါတယ်။ ရှေ့ဆက်ဘာလုပ်ရမလဲ မသိတော့ပါဘူး။ အားလုံး တဖက်တလမ်းက ကူညီပေးကြဖို့ တောင်း ဆိုချင်ပါတယ်။" လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျပြီး ဒေသခံ ၁၂ ယောက် သေဆုံးကာ ၅၀ လောက် ဒဏ်ရာရခဲ့ပြီး လက်ရှိ မြေပြင်အ နေအထားအရ တိုက်ပွဲဆက်ပြင်းထန်လာနိုင်တဲ့အတွက် အခုလို နေရပ်စွန့်ခွာ ထွက်ပြေး လာကြတာလို့ သိရပါတယ်။
မေယုတောင်ကျော်လမ်း တခုဖြစ်တဲ့ ကြိမ်ချောင်း-ဂုတ်ပီတောင်ကျော်လမ်းပေါ်က အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ ကျော်နေထိုင်တဲ့ မြိုတိုင်းရင်းသားရွာလေးမှာ လက်နက်ကြီး ၃ လုံး နိုဝင်ဘာ ၁၆ ရက်က ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်းရွာနေ လယ်သမား တယောက်လည်း လက်နက်ကြီးကျည် ထိမှန်ပြီး ပြင်းထန် ဒဏ်ရာရကာ ဘူးသီးတောင်ဆေးရုံမှာ အရေးပေါ်ဆေးကုသနေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
သားဖြစ်သူက “ကျနော့်အဖေက လယ်ထဲက စပါးအခြေအနေကို သွားကြည့်တာ။ လယ်ကွင်းထဲ လက်နက်ကြီး ကျပြီး ပေါက်ကွဲလို့ ဒဏ်ရာရသွားတယ်။"လို့ ပြောပါတယ်။
တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၁၀ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၅၀ အရွယ် ဖခင်ဖြစ်သူ မာမတ်ကာလူ ထိမှန်ဒဏ်ရာရတာလို့ ဆိုပါတယ်။
အောက်တိုဘာ ၂၇ ရက်က ဂူတာပြင်ကျေးရွာနားမှာ စစ်ကောင်စီတပ် နဲ့ အေအေတို့ တိုက်ပွဲ ဖြစ်ပြီးနောက် သရက်တောင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မော်လဝီတရားဟောဆရာ လက်နက်ကြီးကျည် ထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။