
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ဘက်၊ မင်းရွာကျေးရွာနားမှာ နိုဝင်ဘာ ၁၉ ရက် မနက် ၉ နာရီ လောက်က စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အထိအခိုက်များတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းရွာသားတဦးက “စစ်ကား ၃ စီး လောက်ရှိမယ်။ မုံရွာ-မန္တလေးလမ်းကို မိုင်းရှင်းဖို့ လာတယ်လို့တော့ သိရတယ်။ ဘယ်သူတွေက ထောင်တယ်လို့တော့ မသိရဘူး။ အဲဒီလိုနဲ့ သူတို့ ရွာအဝင်ပေါက်လည်းရောက်ရော “အုန်း” ဆိုတဲ့ ပေါက်ကွဲသံကြားလိုက်ပြီး ကြည့်လိုက်တော့ စစ်သားတွေ မြေပြင်ပေါ် လဲကျနေတာတွေ မြင်ခဲ့ရတယ်။ သေသား၊ ရှင်လားတော့ အတိကျမပြောနိုင်ဘူး။ မိုင်းကွဲတဲ့အသံကတော့ ၆ လုံး လောက်ရှိတယ်။ လုံခြုံရေးအရ ဆက်ပြီး မကြည့်ရဲတော့ဘဲ ထွက်ပြေးခဲ့တယ်” လို့ ပြောပါတယ်။
မင်းရွာဟာ မုံရွာ-မန္တလေးသွားကားလမ်းဘေးမှာရှိတဲ့ ရွာဖြစ်ပြီး အခုလို မိုင်းခွဲခံရပြီးနောက် မုံရွာ-မန္တလေးလမ်းသွားနေတဲ့ ကားတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီက သတင်းထုတ်ပြန်တာလည်း မရှိပါဘူး။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ရွှေဘိုမြို့နယ်(ပကဖ) တိုက်နယ် ၂ အဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက် ဟာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ဆိုင်ကယ် ၄ စီးနဲ့ ရဲစခန်းမှာ ရွာထဲ ထွက်လာချိန် အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ရွှေဘိုမြို့နယ်(ပကဖ) တိုက်နယ် ၂ အဖွဲ့ တာဝန်ရှိသူက "ဆိပ်ခွန်ရဲစခန်းဆိုတာက စခန်းရှေ့ဖြတ်သွားတဲ့ အများပြည်သူကို ပြဿနာရှာပြီး ငွေညှစ်တဲ့ စခန်းပါ။ အဝေးထိန်းမိုင်းနဲ့ ဖောက်လိုက်တာ ဆိုင်ကယ် ၂ စီး ထိမှန်ပြီး ၁ စီး စုတ်ပြတ်သွားတယ်။ အဲဒီမှာ ၁ ကောင်သေတယ်ပြီး ၂ ကောင်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၅ တပ်ရင်ေ၊ တပ်ခွဲ ၃ နဲ့ ရွှေဘိုမြို့နယ် (ပကဖ) တိုက်နယ် ၂ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။