Home
မြန်မာသတင်း
“ကြက်ခြင်းထဲကနေ ကြက်ခြံထဲပြန်လွှတ်လိုက်တဲ့သဘောပါပဲ” - နိုင်ငံရေးသုံးသပ်သူ ကိုစိုးဝင်းဆွေ
DVB
·
November 19, 2022

စစ်ကောင်စီက အင်းစိန်ထောင်ကနေ နာမည်ကျော်နိုင်ငံရေးသမားတချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်း အပါအဝင် နယ်အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တော်လှန်ရေးလူငယ်တွေကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ 

စစ်ကောင်စီက နိုဝင်ဘာ ၁၇ ရက်နေ့မှာ နိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသား ၅၇၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာပါ။ 

ရန်ကုန်အင်းစိန်ထောင်ကနေ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ စာရေးဆရာမောင်သာချိုတို့လို လူသိများထင်ရှားတဲ့သူတချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့လည်း ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် အရေအတွက်အားဖြင့်ကြည့်ရင် လွှတ်ပေးတယ်ဆိုရုံသဘောလောက်သာ ရှိခဲ့ပါတယ်။ 

မန္တလေးတိုင်းထဲက အကျဉ်းထောင် ၆ ခုကနေ စုစုပေါင်းအကျဉ်းသား ၉၈၈ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားအရေအတွက်က နည်းပါးပြီး ရာဇဝတ်မှုနဲ့ ထိန်းသိမ်းခံရသူအများစုကိုပဲ ပြန်လွှတ်ပေးခဲ့တာပါ။ အိုးဘိုထောင်ကနေ ၄၅၅ ဦး၊ မြင်းခြံထောင်ကနေ ၁၆၇ ဦး ပြန်လွှတ်ပေးခဲ့တယ်ဆိုပေမယ့် ၅၀၅ နဲ့ ဖမ်းဆီးတရားစွဲခံရသူတွေ ပြန်လွတ်တာတော့ နည်းပါးခဲ့ပါတယ်။

မြင်းခြံဒေသခံတဦးက "ကိုမြအေးတို့ ဒေါက်တာမျိုးညွန့်တို့လွတ်တာကတော့ မျက်နှာစာတခုအရ နာမည်ကြီးတဲ့သူတွေကို လွှတ်ပေးပြီးတော့ ကျန်တဲ့ တအားကြီးနာမည်မရှိတဲ့သူတွေကြတော့ ကောင်းကောင်းလွှတ်ပေးတာမျိုးမရှိဘူး။ ကျနော်တို့မြင်းခြံမှာဆို ၅၀၅ (က) တခုတည်းနဲ့ အဖမ်းခံထားရတဲ့သူတွေ အများကြီးရှိတယ်။ သူတို့သာ တကယ်လွှတ်ပေးချင်တယ်ဆိုရင် အဲ့ဒီလူတွေအကုန်လွတ်ရမှာ" လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ကနေ အကျဉ်သား ၄၁ ဦးကို စစ်ကောင်စီကပြန်လွှတ်ပေးခဲ့ပြီး သပိတ်ဦးဆောင်လူငယ်တချို့ကို ဟန်ပြသဘောပြန်လွှတ်ပေးခဲ့ပေမယ့် အရေးပါတဲ့ ကိုဝေမိုးနိုင်တို့လို့ သပိတ်ခေါင်းဆောင်တွေကိုတော့ ဆက်လက်ထိန်းသိမ်းထားပါတယ်။ 

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေဟာလည်း အကျဉ်းထောင်ထဲမှာပဲ ကျန်နေခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်ကနေ ပြန်လွတ်လာသူ ၂၇ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂ ယောက် ပါဝင်ခဲ့ပါတယ်။ 

ကလေးမြို့နယ်ဒေသခံတဦးက "သိပ်စိတ်ဝင်တစားမရှိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ လွတ်တာက တအားနည်းတယ်။ နိုင်ကျဉ်းလေးတွေတောင် ၂ ယောက်ပါတယ်ပေါ့ ဘာမှမဟုတ်တဲ့ဟာလေး။ သူခိုး ဂျပိုးတွေ များများ လွတ်တယ်ပေါ့ ၂၇ ယောက်မှာ။ နိုင်ငံရေးနဲ့မပတ်သက်ဘဲ ပြည်သူလူထုကို ပြန်ဒုက္ခပေးမယ့်ပုံစံမျိုး ရှုပ်ရှုပ် ရှုပ်ရှုပ်ဖြစ်အောင် ရပ်ကွက်ထဲ ခိုးတဲ့ အရက်သောက်တဲ့အမှုတွေပေါ့နော်။ ကြမ်းတဲ့သူတွေကိုပဲလွှတ်ပေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ သူတို့ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတကြောင်း နိုင်ငံတကာကို ဖော်ပြချင်တာ၊ အာဆီယံကနေတဆင့် အမေရိကန်၊ ဥရောပသဂ္ဂနဲ့ အနောက်နိုင်ငံတွေက ဖိအားပေးနေတာတွေကို တစိတ်တပိုင်းဖြေလျော့ချင်တာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးကြောင်း သရုပ်ပြခဲ့တာသာဖြစ်တယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတစ်ယောက်က သုံးသပ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဒဏ်စီရင်ချက်ချခံရနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံရေးသမားတွေ၊ PDF လို့ စွပ်စွဲဖမ်းဆီးတရားစွဲခံထားရသူတွေရဲ့ သတင်းအချက်အလက်တွေကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

စစ်ကိုင်းဒေသခံနိုင်ငံရေးသမားက ကိုစိုးဝင်းဆွေက "သေဒဏ်ထိုက်တဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းတွေကိုတော့ သူတို့ပုဒ်မတွေကို အဆောတလျင် မြန်မြန်စစ်ဆေးနေတာတွေရှိတယ်ဗျာ။ ဆိုတဲ့အခါကြတော့ ဘယ်လိုပဲဖြစ်ဖြစ် အတွင်းထဲမှာရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းတွေကတော့ သူတို့ကို အဆောတလျင် သေဒဏ်စီရင်ချက်ချလိုက်မယ့်ကိစ္စတို့၊ နောက်တခုက စစ်ရေးတကယ်ပိုပြီး တင်းမာလာတဲ့အချိန်မှာ လူသားဒိုင်းအဖြစ် အသုံးချလာမှာမျိုးဆိုတာကတော့ စိုးရိမ်ပူပန်နေတာပဲဗျာ။ တချို့လွှတ်ပြီးမှ အပြင်ရောက်ပြီးမှ ပြန်အဖမ်းခံရတာလည်း အများကြီးပဲလေ။ ဆိုတော့ ကြက်ခြင်းထဲကနေ ကြက်ခြံထဲပြန်လွှတ်လိုက်တဲ့သဘောပါပဲ။ ကျနော်တို့နိုင်ငံကတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်ခြေမှုန်းနိုင်ခြင်း မရှိသေးသမျှကာလပတ်လုံး အစစ်အမှန်လွတ်မြောက်မှုက မရသေးဘူးလို့ပဲ ကျနော်တို့က ယုံကြည်ပါတယ်" လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့တုန်းက ပြန်လွှတ်ပေးတဲ့အထဲမှာ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာတို့လည်းပါဝင်ခဲ့ပါတယ်။ 

ဖမ်ဆီးထားတဲ့ နိုင်ငံခြားသားတွေကို ပြန်လွှတ်ပေးတာဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးရေးဆိုတဲ့အချက်ကို လိုက်နာဆောင်ရွက်ကြောင်း စစ်ကောင်စီက နိုင်ငံတကာကို ဖော်ပြတဲ့လုပ်ရပ်သာဖြစ်တယ်လို့ လေ့လာသူတွေကသုံးသပ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024