DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် တရက်လျှင် ၁ နာရီဝန်းကျင်သာ မီးလာသဖြင့် ဒေသခံများ အခက်တွေ့
DVB
·
November 18, 2022
မိုးကုတ်တွင် တရက်လျှင် ၁ နာရီဝန်းကျင်သာ မီးလာသဖြင့် ဒေသခံများ အခက်တွေ့
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မီတာမဆောင်တဲ့ရပ်ကွက် ကျေးရွာတွေကို မီးဖြတ်တာကြောင့် ဒေသခံတွေက မီတာဆောင်ကြပေမဲ့ တရက်ကို လျှပ်စစ်မီး ၁ နာရီသာလာတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

ကိစ္စကုတ်ရပ်ကွက်ကို မီတာမဆောင်လို့ဆိုပြီး နိုဝင်ဘာလအတွင်းက ရက် ၂၀ လျှပ်စစ်မီးဖြတ်တောက်ခဲ့ကာ မီတာဆောင်ပြီးတဲ့ နောက်မှာလည်း မီး ၁ နာရီဝန်းကျင်သာ လာတယ်လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

“ခု မီးလာတာ ခဏပဲ၊ ထမင်းဟင်းလည်း ချက်စားလို့မရဘူး။ ဖုန်းအားတောင် သွင်းလို့မရဘူး။ မီးလာရင်လည်း မီးအားကမငြိမ်တော့ ဖုန်းပျက်မှာတောင် ကြောက်ရတယ်။ အပြင်သွားနေတဲ့အချိန် မီးလာရင် ပြန်လာရင် အားကိုမသွင်းရဘူး။”

စစ်ကောင်စီတပ်က မီတာမဆောင်တဲ့ ရပ်ကွက်တွေကို ဆက်တိုက်မီးဖြတ်ပြီး မီတာဆောင်တဲ့ ရပ်ကွက်ကိုပဲ မီးပေးတာကြောင့် မီတာမဆောင်ချင်ပေမဲ့ ဒေသခံတွေက ဆောင်နေကြရတယ်လို့ ပြောပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ရပ်ကွက်လူကြီးတွေကလည်း မီတာမဆောင်တဲ့အိမ် နည်းတယ်ဆိုရင် မေးလာရင် ဖြေကြမှာ၊ အဲ့တော့ ကိုယ့်အိမ်တအိမ်ပဲ မီတာမဆောင်ရင် ပြဿနာဖြစ်မှာလ​ည်း ကြောက်တယ်။ မီတာဆောင်ပြန်တော့လည်း မီးကမလာဘူး။ သူတို့က နောက်ဆုံး လုံးဝမီးမပေးတော့ဘူး၊ ပိုက်ဆံတော့ ရအောင်ကောက်မယ် ဆိုသလိုမျိုး လုပ်နေတာ” လို့ ပြောပါတယ်။

မီတာခဆောင်ရမှာတွေလည်း များတာကြောင့် စားဝတ်နေရေး အဆင်မပြေတဲ့ မိသားစုတွေ အနေနဲ့လည်း မီတာဆောင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က လျှပ်စစ်မီးတွေ ဖြတ်တောက်ထားတဲ့အပြင် အင်တာနက်လိုင်းလည်း မရတာကြောင့် ဒေသခံတွေအနေနဲ့ သတင်းမှန်လည်း မရရှိဘူးလို့ ပြောပါတယ်။

“အခုက ဘယ်သူမှမတင်ကြတော့ မြို့ထဲသတင်းဆို ဘာမှကို မသိရဘူး။ အင်တာနက်လိုင်းကလည်း မရဘူး။ အရင်က တင်ပေးနေသူတွေလည်း ဖမ်းခံရသူတွေက ဖမ်းခံရဆိုတော့ တင်ပေးမယ့်သူ မရှိကြတော့ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013