စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကာင်စီက နိုဝင်ဘာ ၁၇ ရက်နေ့ မနက်က NLD ဥက္ကဋ္ဌရဲ့ သားဖြစ်သူအပါအဝင် ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ပထမ ဥက္ကဋ္ဌဦးစန်းမောင်ရဲ့ နေအိမ်ကို ဝင်ဖမ်းတာ။ သူ့မိန်းမက ဦးစန်းမောင် အိမ်ပြန်မလာတာ ၁ နှစ်ခွဲရှိနေပြီ၊ အဆက်သွယ်လည်းမရဘူး၊ သေသလား၊ ရှင်သလားလည်း မသိရဘူးလို့ ပြောလိုက်တော့ ပြန်သွားကြတယ်။ နောက်ပြီးတော့ ဘုတလင်မြို့ပေါ်မှာ အိမ်ထောင်ကျနေတဲ့ ဦးစန်းမောင်ရဲ့သား အသက် ၂၂ နှစ်အရွယ် မောင်ဉာဏ်ရီကို ညနေပိုင်းမှာ ဖမ်းသွားတယ်ဗျ။ သူ့အပြင် အခြားအရပ်သား ၃ ဦးကိုလည်း ဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းတာလဲဆိုတာကတော့ မသိရသေးဘူး။ အခုအချိန်အထိ လွှတ်မပေးသေးဘူး” လို့ ပြောပါတယ်။
မောင်ဉာဏ်ရီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုင်ကယ်တိမ်းမှောက်ထားပြီး ကျန်းမာရေးမကောင်းတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီက NLD ပါတီဝင်မိသားစုတွေကို စိတ်မထင်ရင် ဝင်ရောက်ဖမ်းဆီး ရိုက်နှက်စစ်ဆေးနေတာကြောင့် ဘုတလင်မြို့ပေါ်က NLD ပါတီ အလုပ်မှုဆောင်မိသားစုတွေ နေအိမ်မှာ မနေရဲတော့ဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။